တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်၊ မနက် ၇ နာရီဝန်းကျင်က မြိတ်ဘက်ကိုသွားတဲ့ ခရီးသွားဆိုင်ကယ်တွေကို တုံးဗျောရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုယ်တိုင်ကြုံတွေ့သူတယောက်က “တုံးဗျောရွာဟောင်းနားက လမ်းအကွေ့မှာ စစ်သားတွေက စောင့်ပြီး ကျနော်တို့ကို သေနတ်နဲ့ လှမ်းပစ်တာ။ ၄၀ မမနဲ့ သုံးလုံးထုတယ်။ ကျနော်တို့လည်း ဆိုင်ကယ်ကို ပစ်ထားပြီး ပြေးလာရတာ” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက် ပေါင်နှစ်ဖက်နဲ့ နောက်ကျောမှာ ကျည်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃ ယောက်ထဲက ၂ ယောက်မှာ ဘယ်ဘက်တခြမ်း လက်နက်ကြီးကျည်စ ထိမှန်ပြီး နောက်တယောက်ကတော့ ဝမ်းဗိုက်မှာ ကျည်စထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဆရာဝန်တယောက်က “ထိခိုက်ဒဏ်ရာရတဲ့သူ နှစ်ယောက်ရဲ့ ဘယ်ဘက်တခြမ်းက လက်နက်ကြီးကျည်စ ဖြစ်နိုင်ခြေရှိတယ်။ ကျည်အစအနတွေ နုတ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၅ ရက် ကတည်းက စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။