တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်က စစ်ကောင်စီရဲ့ ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်မှာ ပစ္စည်းတင်ဆောင်လာတဲ့ ကားတွေကို ထောက်ခံစာပါမှ ပစ္စည်းတင်ဆောင်ခွင့်ပြုတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်လောက်ကစပြီး ပစ္စည်းမှာယူတဲ့သူတွေဟာ စာရင်းကြိုပေးထားရပြီး အဆိုပါဂိတ်ကနေ ဖြတ်သွားတဲ့အခါမှာ ကြိုတင်ပေးထားရတဲ့ စာရင်းအတိုင်း ပစ္စည်းတင်ဆောင်ခွင့်ပြုပြီး စာရင်းထဲမပါတဲ့ပစ္စည်း သိမ်းဆည်းခံရတယ်လို့ ကားသမားနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပစ္စည်းဝယ်ပြီးပြန်လာရင် တခြားပစ္စည်းကို အပိုတင်လာတာဆိုရင်တော့ အကုန်သိမ်းတယ်တဲ့။ ပိုပြီးခက်ခဲမယ့်အချိန်ကို ရောက်လာပြီ။ ပစ္စည်းတင်မယ်ဆို အဲကားမှာ တင်မယ့်ဆိုင်တွေတိုင်းက ထောက်ခံစာလုပ်ရတယ်။ အဲဒီထောက်ခံစာကို ကားရှင်ကို ပေးထားရမယ်။ ပစ္စည်းတင်ဆောင်လာပြီဆို လိုင်စင်စာရွက်နဲ့ ပစ္စည်းနဲ့တွဲပြီး ဂိတ်မှာစစ်တယ်။ လိုင်စင်စာရွတ် မပါတဲ့ နာမည်နဲ့ ပစ္စည်းတင်လာမယ်ဆို သူတို့ အကုန်သိမ်းတယ်။”
တနင်္သာရီကနေ မြိတ်ဘက်ကို ပစ္စည်းမှာယူတဲ့သူတွေက တနင်္သာရီမြို့ပေါ်မှာ ထောက်ခံစာကို အရင်ကြိုတင်လုပ်ဆောင်ရပြီး အဲဒီနောက် ပစ္စည်းတင်ဆောင်မယ့် ကားသမားဆီကို ထောက်ခံစာပေးထားရတယ်လို့ ကုန်ပစ္စည်းရောင်းဝယ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ကြေးနန်းတိုင်ဂိတ်ကနေ ဖြတ်တဲ့ကားတွေမှာ ပါလာတဲ့ ကုန်တွေကိုလည်း ဂိတ်မှာရှိတဲ့ တပ်သားတွေက အကုန်မွှေနှောက်ရှာဖွေတာကြောင့် ကားသမားတွေအနေနဲ့လည်း ကုန်သယ်ယူပို့ဆောင်တာ နည်းပါးလာတယ်လို့ ကားသမားနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ပစ္စည်းကားတွေတောင် တပတ်မှာ တကြိမ်လောက်ပဲ တက်လာတော့တယ်။ ကားပေါ်မှာ ငါးထည့်ထားတဲ့ ပုံးတွေကိုဆို အကုန်ထိုးနှောက်မွှေပြီးရှာတယ်၊ ဘာရှာလဲ မသိရဘူး။ အချိန်လည်း ကြာတော့ ကားသမားတွေဆို မနက်စောစောတည်းက ဖြတ်လာကြတာရှိတယ်။”
မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စုမှာရှိတဲ့ ကြေးနန်းတိုင်စစ်ဆေးရေးဂိတ်က တနင်္သာရီ၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ်တွေဘက်ကို သွားရာမှာ မဖြစ်မနေ ဖြတ်သွားနေရတဲ့ ဂိတ်တခုဖြစ်ပြီး အစစ်အဆေးတင်းကျပ်တယ်လို့ သိရပါတယ်။