တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ မြိတ်-ပုလော ပြည်ထောင်စုကားလမ်းပိုင်းကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းကစပြီး ကားတွေ ပြန်လည်သွားလာခွင့် ပြုလိုက်တယ်လို့ ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။
မြိတ်-ပုလော ကားလမ်းပိုင်းမှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားကာ ခရီးသွားကား၊ ကုန်ကားတွေ ရာနဲ့ချီ ပိတ်မိခဲ့တာ ဖြစ်ပါတယ်။
ပိတ်မိနေတဲ့ကားတွေမှာ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းမှာ ပြန်လည်ထွက်ခွာခွင့်ရခဲ့သလို ဒီနေ့ထိ အဆိုပါကားလမ်းပိုင်းမှာ ပုံမှန်သွားလာနေတာ တွေ့ရတယ်လို့ မြိတ်မြို့ဒေသခံတယောက်က ပြောပါတယ်။
“ပိတ်မိနေတဲ့ကားတွေက မနေ့တည်းက အားလုံး သွားနေကြ၊ ပြန်ကုန်ကြပြီ။ နောက်ထပ် သွားလာနေတဲ့ ကားတွေတောင် ရှိတယ်။ ဒီနေ့လည်း လိုင်းကားတွေ ပြန်ပြေးဆွဲနေကြတယ်။”
ကားလမ်းပြန်ဖွင့်တဲ့နေ့က မနက်ပိုင်းမှာ ထားဝယ်ဘက်ကနေ ဆင်းလာတဲ့ ကားတချို့ကို ယာယီထွက်ခွာခွင့်ပေးပြီးမှ ပြန်ပိတ်ချလိုက်ကာ အဲဒီနေ့ ညနေပိုင်းရောက်မှ ကားလမ်းပြန်ဖွင့်ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ခရီးသွားပြည်သူတယောက်က “အခုချိန်တော့ ဖွင့်ထားတုန်းပါပဲ။ ကျနော်တို့တောင် ဒီနေ့ပဲ ကားလမ်းက ဖြတ်သွားပြီး ထားဝယ်ရောက်နေပါပြီ” လို့ ပြောပါတယ်။
အဲဒီကားလမ်းပိတ်မိစဥ်က ခရီးသွားကားတချို့ မြိတ်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတဲ့သူတွေ ရှိသလို တခြားခရီးသွားကားတွေက ပြည်သူတွေမှာ ကားလမ်းပြန်ဖွင့်ချိန်ကို စောင့်ဆိုင်းနေရင်း ကြဲရွာနဲ့ မီးလောင်ချောင်းရွာနားက သဲပုံကျေးရွာဘက်မှာ သွားရောက် တည်းခို နေထိုင်ကြတယ်လို့ ကြဲရွာဘက်မှာ ပိတ်မိခဲ့တဲ့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
အဆိုပါကားလမ်းပိတ်မိနေစဥ် အောက်တိုဘာ ၁၇ ရက်က ကြဲတံတားအနီးမှာ ပိတ်နေမိတဲ့ ကုန်ကားတစီးပေါ်က ယာဥ်မောင်းတယောက် အပေါ့သွားရင်း ထောင်ထားတဲ့ မိုင်းတလုံး နင်းမိပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရကာ မြိတ်ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြိတ်-ပုလော ကားလမ်းပေါ်မှာ ကားတွေ ပြန်သွားနေကြပေမဲ့ မြေပြင်တိုက်ပွဲ အခြေအနေကို သေချာမသိရသေးတာကြောင့် ရုတ်တရက် တိုက်ပွဲဖြစ်ပြီး ကားလမ်းပြန်ပိတ်မိမှာကိုလည်း စိုးရိမ်နေရတယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။