ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ထီးစဲခါးဆရာတော် ပါလာတဲ့ကားကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်တာကြောင့် ထီးစဲခါးရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ပြီး တခြားဆရာတော် ၂ ပါးလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆီဆိုင်- လွိုင်ကော်လမ်းမကြီးပေါ်ကကားကို ဝိုင်းပစ်ကြခဲ့ပြီး အခုလို ဆရာတော်တွေ ထိခိုက်ဒဏ်ရာရတာ၊ ပျံလွန်တော်မူခဲ့တာလို့ သိရပါတယ်။
PNLA ပြောရေးဆိုခွင့်ရှိသူက “အောင်ကလပ်ကျေးရွာက စစ်ကောင်စီစိုးမိုးထားတဲ့နေရာ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့် ပစ်တာလဲတော့ မသိဘူးပေါ့လေ။ စစ်ကောင်စီက ကိုယ်တိုင်ပစ်ခတ်ပြီး KNDF က လုပ်သလိုလို PDF က လုပ်သလိုလို သတင်းပြန်လွှင့်ထားတာလည်းရှိတယ်။ ဒါပေမယ့် အဲဒီနေရာက စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၄ နာရီအချိန်ကလည်း မောက်မယ်မြို့နယ်ထဲက ပအိုဝ်းကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၄ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပအိုဝ်းရွာက နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း PNO ပြည်သူ့စစ်တွေက မောက်မယ်မြို့နယ်၊ ထီဖက်နမ်ကျေးရွာက ဒေသခံ အမျိုးသား ၄ ယောက်ကို ဖမ်းဆီးခဲ့သလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
PNO ပြည်သူ့စစ်တွေက ပအိုဝ်းလူမျိုးတွေကို ဖမ်းဆီးတာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဟာ ကိုယ့်လူမျိုးအချင်းချင်း နှိပ်စက်ဖိနှိပ်ရာကျပြီး မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ PNLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ PNLA တို့ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ထိတွေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ နေအိမ်မီးရှို့တာတွေကြောင့် ပြည်သူ့နေအိမ်ပျက်စီးမှု ၁၄ လုံးထက်မနည်းရှိနေပြီး ပြည်သူထိခိုက်မှုအချို့လည်း ရှိနေတယ်လို့ သိရပါတယ်။