Home
မြန်မာသတင်း
တောင်ကိုရီးယားတွင် NUG ထောက်ခံချက်ဖြင့် ပတ်စပို့သက်တမ်းတိုးမှု ရပ်ဆိုင်း
DVB
·
December 19, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ခံချက်နဲ့ ပတ်စပို့စာအုပ် သက်တမ်းတိုးတာတွေကို ရပ်နားထားကြောင်း ဒီဇင်ဘာ ၁၈ ရက်က တောင်ကိုရီးယားအစိုးရ လူဝင်မှုကြီးကြပ်ရေးဘက်က ထုတ်ပြန်ကြေညာတာနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိကြောင်းနဲ့ အဆင်ပြေအောင် ညှိနှိုင်းမှုတွေ ဆက်လုပ်နေကြောင်း ကိုယ်စားလှယ်ရုံးနဲ့နီးစပ်တဲ့ တော်လှန်ရေးအသိုက်အဝန်းဆီကနေ သိရပါတယ်။

အခုလို ရပ်ဆိုင်းတာက ပတ်စပို့စာအုပ် သက်တမ်းတိုးတုံးအသစ်ထုမယ့်ကိစ္စသာဖြစ်ပြီး အရင်သက်တမ်းတိုး လုပ်ဆောင်ခဲ့တဲ့ ပြည်သူတွေအပေါ် သက်ရောက်မှု တစုံတရာ ရှိမှာမဟုတ်ကြောင်း နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“စာအုပ်မှာ တုံးထုတာကို ရပ်ထားတာပါ။ အခြားထောက်ခံစာတွေနဲ့ မဆိုင်ပါဘူး။ ထုပြီးသားတွေလည်း လက်ခံပြီးသားမို့ ဘာမှမဖြစ်ပါဘူး။ တခြားပုံစံတခုကို ဆက်လက်ညှိနှိုင်းနေပါတယ်။ ဘာမှ ထူးခြားမှု မရှိနိုင်ပါဘူး။ ကိုရီးယားအစိုးရနဲ့ ညှိနှိုင်းလုပ်နေတာတွေဖြစ်လို့ မြန်မာနိုင်ငံသားတွေအတွက် ဘာမှ အရေးယူတာ ရှိမှာမဟုတ်ပါဘူး။ NUG သက်တမ်းတိုးတုံး ထုထားသူတွေအနေနဲ့လည်း စိတ်အေးလက်အေး နေနိုင်ပါတယ်။ ဗီဇာလည်း တိုးမြဲတိုးပေးနေပါတယ်။ အခက်အခဲ တစုံတရာရှိရင် ကိုယ်စားလှယ်ရုံးက ဖြေရှင်းပေးနိုင်ပါတယ်။”

တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်ကတည်းက စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး ကိုရီးယားရောက် တော်လှန်ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

CDM မှာ ပါဝင်သူတွေ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာနဲ့ နေထိုင်သူတွေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်အခဲရှိနေသူတွေကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးက လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက လုပ်ဆောင်ပေးနေခဲ့တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပတ်စပို့စာအုပ်ပေါင်း ၅၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတက အရေးပေါ် မာရှယ်လော ကြေညာချက်ကြောင့် သမ္မတကို ရာထူးကနေ ဆင်းပေးရေး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် အခုလိုရပ်ဆိုင်းတာ ဖြစ်နိုင်တယ်လို့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတယောက်က မှတ်ချက်ပြုပါတယ်။

တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကတော့ NUG ထောက်ခံချက်နဲ့ သက်တမ်းတိုးသူတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး အမည်ပျက်သွင်းကာ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကြောင်းအရ အရေးယူဟန့်တားမယ်လို့ နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်တွင်းကို ငွေပြန်မလွှဲသူတွေ၊ အခွန်မဆောင်သူတွေနဲ့ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ပတ်စပို့ သက်တမ်းတိုးခွင့် မပြုဘူးလို့လည်း ပြောဆိုထားပါသေးတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013