Home
မြန်မာသတင်း
တောင်ကိုရီးယားတွင် မြန်မာလုပ်သားများ သေကြောင်းကြံမှု ဆက်တိုက်ဖြစ်နေ
DVB
·
December 18, 2024

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ၊ ရုတ်တရက် သေဆုံးတာတွေ မကြာခဏဖြစ်နေတယ်လို့ ကိုရီးယားရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

ချွန်နမ်ပြည်နယ်၊ အာဆန်မြို့ရှိ စက်ရုံမှာ ဒီဇင်ဘာ ၁၂ ရက်ညက အသက် ၂၀ အရွယ် ကိုညီညီဇော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ၂၁ နှစ်အရွယ် ကိုရဲထက်ကျော်ဟာ ဘူဆန်မြို့၊ ဆာဟာဂုရှိနေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်က ရုတ်တရက် သေဆုံးသွားတယ်လို့  ကိုရီးယားယောက် မြန်မာတွေက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်ကလည်း ဂယောင်ဂီပြည်နယ်၊ ဖိုချွန်းမြို့မှာ အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သားတယောက် အဆုံးစီရင်သွားခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာ ရုတ်တရက် သေဆုံးတာ၊ လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးတဲ့ မြန်မာလုပ်သား ၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့လည်း ကိုရီးယားရောက် မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။  

ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတယောက်က “ဒီမှာက တော်ရုံဖိအား မခံနိုင်ရင် မလွယ်ဘူး။ အဖြစ်ဆိုးတွေက မကြာခဏ ကြားနေရတယ်။ စိတ်ဓာတ်တင်းမာဖို့၊ စိတ်လိုက်မာန်ပါ မလုပ်မိဖို့ကို လက်လှမ်းမီသလောက်တော့ သတိပေးရလေ့ရှိတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်ဖိအားတွေနဲ့ မိသားစုဖိအားတွေကြောင့် စိတ်ကျဆင်းမှုတွေဖြစ်ကာ အဆုံးစီရင်တဲ့လုပ်ရပ်တွေ နှစ်စဥ် ဖြစ်လေ့ရှိတယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတယောက်က “ပိုက်ဆံရတာပဲ မြင်လို့မရဘူး။ အဲဒီနောက်ကွယ်မှာ စိတ်ဖိစီးမှုတွေ ဘယ်လောက်များတယ်ဆိုတာ ကိုယ်တိုင်ကြုံမှ သိရမှာ။ တချို့ဆိုရင် စိတ်ညစ်ပြီး အရက်တွေ အလွန်အကျွံသောက်လို့ ရောဂါရပြီး သေတဲ့သူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ စိတ်ဓာတ်ကျဆင်းတာမျိုးမဖြစ်အောင် အားတင်းဖို့၊ အခက်အခဲတွေကို ဖေးမကူညီကြဖို့ တောင်ကိုရီးယားရောက် မြန်မာလူမှုအဖွဲ့တွေကလည်း မကြာခဏ လှုံ့ဆော်လေ့ရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အလုပ်သမားတွေ စေလွှတ်နေသလို အေဂျင်စီတချို့ကလည်း သင်္ဘောကျင်းလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။

POEA အနေနဲ့ မကြာခင် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက် အမျိုးသမီးလုပ်သားတွေကို စပြီးစေလွှတ်ဖို့လည်း ရှိနေပါတယ်။ 

တောင်ကိုရီးယားမှာ လက်ရှိ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသလို လစဥ် လုပ်သားရာချီ ဆက်လက်ထွက်ခွာနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013