ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း အရပ်သား ၂၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက NUG နဲ့ PDF တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ NUG ၊ PDF စတဲ့ အဖွဲ့အစည်းတွေကို ပတ်သက်ဆက်သွယ်ကာ ကူညီထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၆ ယောက်ထဲမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်မျိုးသား ၁၄ ယောက်၊ ၂၅ နှစ်ကျော်အရွယ် ၁၀ ယောက်နဲ့ အသက် ၃၀ အရွယ်ဝန်းကျင် အမျိုးသမီး ၂ ယောက် ဖြစ်ပါတယ်။ အဖမ်းခံရသူတွေက စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေကနေ အများဆုံး အဖမ်းခံခဲ့ရတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ တလအတွင်း NUG ၊ PDF စတဲ့ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေဟာ ဟင်္သာတ၊ ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ငါးသိုင်းချောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ပုသိမ်၊ မအူပင်၊ သာပေါင်း၊ ငပုတော စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဖမ်းခံရသူတွေထဲက စစ်ကောင်စီတပ်က တချို့ကို ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ဧရာဝတီတိုင်းမှာ NUG နဲ့ PDF အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်က ဒေသခံ လူငယ်တွေ အပါအဝင် လူငယ် ၂၄ ယောက် ဖမ်းဆီးခံခဲ့ရသေးတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။