စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ရဲတပ်ကြပ်ကြီးတယောက်ကို ဒီဇင်ဘာ ၈ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရတနာပုံတပ်ဦး ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင် ကိုယ်ပိုင်အမှတ် (လ-၁၇၂၀၄၀) ဟာ စစ်ကောင်စီ လက်အောက်ခံ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့ပေါ်မှာနေတဲ့ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ကို သူ့အိမ်ထဲအထိ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ရတနာပုံတပ်ဦး တာဝန်ခံ ကိုကီရီက ပြောပါတယ်။
“စစ်တပ်ဘက်ကလည်း မြို့ထဲမှာ ကင်းပတ်နေတာတွေ ဂိတ်တွေမှာ ထိုင်နေတာတွေ ရှိတယ်လေ။ အဲဒီကြားတွေထဲကနေမှ ယဥ်ထွန်းမောင်ရဲ့အိမ်ကို ဝင်ပြီး ဖမ်းဆီးလာနိုင်ခဲ့တာပါ။ ကျနော်တို့တွေဘက်က သေချာပြင်ဆင်ပြီးမှ လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်လို့ အားလုံး အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့ကြတာပါ။ သူ့ကို ဝင်ဖမ်းတော့ သူ့အိမ်မှာ သူ့မိသားစုတွေ ရှိနေပါတယ်။ ယဉ်ထွန်းမောင်ကိုပဲ ဖမ်းခေါ်လာတာပါ။ သူ့မိသားစုဝင်တွေကို ဘာမှ မလုပ်ခဲ့ကြပါဘူးဗျ။”
ဖမ်းဆီးရမိတဲ့ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ကို စစ်ဆေးမေးမြန်းနေပြီး ပေါ်ပေါက်ချက်တွေအရ ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ကို ၇.၆၂ ကျည် ၁၈ တောင့်၊ ၅.၅၆ ကျည် ၃၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၁ ခု၊ ဦးထုပ် ၂ လုံး၊ ယူနီဖောင်း ၂ စုံတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အခုဆောင်ရွက်မှုကို ရတနာပုံတပ်ဦး၊ Brave Revolution Force (B.R.F)၊ Brave Soldiers Guerilla Force တို့နဲ့အတူ တခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။