အာရပ်နွေဦး တော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးခဲ့ကြရသလို မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသတ်နိဂုံးချုပ်ပေးနိုင်မှာပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တယောက် အရှုံးပေး ထွက်ပြေးရသလို မြန်မာနိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် အစိုးရတဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်၊ ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီးနောက် တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်ရတဲ့ သတင်းဟာ မြန်မာနိုင်ငံအတွက်လည်း အားတက်စရာ ဖြစ်ပါတယ်၊ စစ်မှန်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတွေတိုင်းဟာ အာဏာရှင်တွေကို အောင်ပွဲခံနိုင်မယ်လို့ ဒူဝါလရှီးလက ဆိုပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီး မားဆုံးနဲ့ အကျယ်ပြန့်ဆုံး တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်တယ်၊ တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှသာ လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်နိုင်မှာပါလို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
တော်လှန်ရေး အလုပ်ဆိုတာဟာ ‘တို့ကနန်း-ဆိတ်ကနန်း’ လုပ်လို့ မရကြောင်း၊ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို၊ လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျဖြစ်အောင် လုပ်ရမှာ ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုခဲ့ပါတယ်။
ပြည်သူလူထုရဲ့ အသက်သွေးချွေးနဲ့ ရင်းနှီးထားရတဲ့ တော်လှန်ရေးခရီးဖြစ်တာကြောင့် တော်လှန်ရေး လုံ့လကို အပြည့်ဝဆုံး စိုက်ထုတ်ကြဖို့ အထူးလိုအပ်တယ်လို့ မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။