Home
ရုပ်သံ
ICC ရှေ့နေချုပ် ကရင်မ်ခန်းနှင့် DVB မေးမြန်းချက်
DVB
·
December 10, 2024
Photo: DVB

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ လျှောက်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ICC ရှေ့နေချုပ် ကရင်မ်ခန်းကို DVB သတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံ မေးမြန်းထားတယ်။

အပြည့်အစုံ 

အခုလို မေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေး - ပြီးခဲ့တဲ့ လကုန်ပိုင်းက ICC နိုင်ငံတကာရာဇဝတ်မှု တရားရုံးကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ဖို့ တောင်းဆိုထားတဲ့ သတင်းကတော့ ဗုံးအလုံးပေါင်း ၅,၀၀၀ လောက် ကြဲချလိုက်သလို သတင်းမျိုးပါ။

ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်သာမက မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ရိုဟင်ဂျာ အသိုက်အဝန်းအတွက်လည်း အရေးကြီးသတင်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူများစုက ICC ရာဇဝတ်ခုံရုံးရဲ့ အခန်းကဏ္ဍနဲ့ တရားစွဲရှေ့နေချုပ်ရဲ့ အခန်းကဏ္ဍကို သိပ်နားမလည်ကြပါဘူး။ တရားရုံးအခန်းကဏ္ဍနဲ့ ICC ရုံးတော်ရဲ့ လုပ်ငန်းဆောင်ရွက်ပုံကို ကူညီရှင်းပြပေးစေချင်ပါတယ်။ ပထမဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တင်ထားတဲ့ စွပ်စွဲချက်တွေ သက်သေအထောက်အထားတွေနဲ့ စချင်ပါတယ်။

ဖြေ - “ကျနော်ကတော့  ICC တရားစွဲ ရှေ့နေချုပ်ပါ။ ရုံးတော်ရဲ့ တရားစီရင်ပိုင်ခွင့်ထဲမှာရှိနေတဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်တော့ မြန်မာဟာ ရောမသဘောတူစာချုပ် Rome Statute ကို လက်မှတ်မထိုးထားခဲ့ပေမဲ့ ကျနော်တို့ရဲ့ စီရင်ပိုင်ခွင့်ရှိတာက မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြောင့်ပါ။ ဒါကြောင့် ၂၀၁၉ ခုနှစ်ကတည်းက ICC တရားသူကြီးတွေက ကျနော်ရဲ့ တရားစွဲဆိုဌာနကို ‘မြန်မာ-ဘင်္ဂလားဒေ့ရှ် အခြေအနေ’ လို့ခေါ်တဲ့ အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပိုင်ခွင့် ပြုပေးထားပါတယ်။”

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရောမသဘောတူစာချုပ်ဝင်နိုင်ငံ ဖြစ်တာကြောင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ရာဇဝတ်ကျူးလွန်မှုထဲက အကြမ်းဖက်မှု ပြစ်မှုတမျိုးမျိုးဖြစ်စေ အနည်းဆုံး ပြစ်မှုတစိတ်တပိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲမှာ ဖြစ်ပွားခဲ့တယ်ဆိုရင် ICC ရာဇဝတ်မှုတရားရုံးကနေ တရားစီရင်ပိုင်ခွင့်ရှိပါတယ်။ ဒီအချက်ကို အခြေခံပြီးတော့  ရိုဟင်ဂျာမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ စွဲဆိုချက်တွေကို ၂၀၁၉ ခုနှစ်ကတည်းက ကျနော်တို့ စတင် စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။”

“လက်ရှိမှာ ၁ သန်း ၂ သိန်းကျော်လောက်ရှိတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ကုတုပလောင်ထဲမှာ ရှိနေကြပါတယ်။ တချို့တွေကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေနဲ့ တခြားနေရာတွေဆီ ပျံ့နှံ့ရောက်ရှိသွားကြပါတယ်။ အမှုနဲ့ ဆက်စပ်တဲ့ သက်သေခံချက်တွေရော ငြင်းပယ်နိုင်စရာတွေရော ကျနော်တို့ သာတူညီမျှ စိစစ်ခဲ့ကြပါတယ်။”

“ကျနော်တို့ အဓိကလေ့လာတာကတော့ ၂၀၁၆-၂၀၁၇ ကာလတွေဆိုပေမဲ့ ရိုဟင်ဂျာတွေဟာ ၁၉၇၈ လောက်ကတည်းက အတော်ဒုက္ခခံစားခဲ့ကြရတာ မှန်ပါတယ်။ ၁၉၉၁၊ ၁၉၉၂ တွေမှာလည်း ဒုက္ခတွေကြုံခဲ့ကြရပါတယ်။ သက်သေအထောက်အထား အချက်အလက်တွေ ပြည့်စုံလာတဲ့အခါ ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးရဲ့ တရားသူကြီးတွေ ရှေ့မှောက်ကို ကျနော်တို့က အစီရင်ခံ တင်ပြခဲ့ကြပါတယ်။”

“ရုံးတော်ရဲ့ တရားစီရင်ပိုင်ခွင့်ထဲမှာရှိတဲ့ ရာဇဝတ်မှုမျိုးကို အခုနာမည်စာရင်းတင်သွင်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျူးလွန်ခဲ့တယ်လို့ ယုံကြည်နိုင်လောက်စရာ ယုတ္တိအခြေခံကို ပေါ်လွင်စေတဲ့ အထောက်အထား တင်ပြမှုတွေအပေါ်မှာ တရားသူကြီးတွေက စိတ်ကျေနပ်မှုရှိမှသာ အစီရင်ခံတင်သွင်းချက်ကို လက်ခံစဉ်းစားကြမှာ ဖြစ်ပါတယ်။”

မေး - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုလား၊ စစ်ရာဇဝတ်မှုနဲ့လား၊ ဘာနဲ့စွဲဆိုထားတယ်ဆိုတာ ရှင်းပြပေးပါလား။

ဖြေ - “ဟုတ်ကဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ တိုင်းပြည်တွင်းက မောင်းထုတ်မှုတွေနဲ့ ပတ်သက်တဲ့ စွဲဆိုချက်အကြောင်း ကြေညာချက်ထုတ်ပြန်ထားတာကိုပဲ ညွှန်းချင်ပါတယ်။ ဒီပြစ်မှုတွေက ICC ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ အဲဒါတွေက ကျနော်တို့စွဲဆိုထားတဲ့ ပြစ်မှုတွေမှာ အဓိကကျောရိုးတွေပါ။”

မေး - နိုင်ငံတကာ တရားရုံး (ICJ) မှာ လက်ရှိဆက်သွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုလည်း ရှိတော့ အဲဒါက အခုစွဲဆိုချက်ထဲမှာ ပါဝင်မှာပါလား။

ဖြေ - “အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကတော့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ် လုံးဝသီးခြားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူ တဦးတယောက်ချင်းနဲ့ မပတ်သက်ဘဲ တာဝန်ရှိတဲ့ နိုင်ငံတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ အခုပြောတဲ့ ICJ ဟာ ၁၉၄၈ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရေး သဘောတူစာချုပ်အရ ဖြစ်ပေါ်လာခဲ့တဲ့ အဖွဲ့အစည်းပါ။ ကျနော်တို့ ICC ကတော့ ကမ္ဘာမှာ အမြဲတမ်းတည်ရှိနေတဲ့ ရာဇဝတ်မှုခုံရုံး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တရားစီရင်ပိုင်ခွင့်နယ်ပယ်က နိုင်ငံအလိုက် မဟုတ်ပါဘူး။ အစိုးရအရာရှိတွေဖြစ်ဖြစ် အပြင်လူတွေဖြစ်ဖြစ် ပုဂ္ဂိုလ်တဦးတယောက်ချင်းနဲ့ ဆိုင်ပါတယ်။ အဲဒီစီရင်ပိုင်ခွင့်အပေါ် အခြေခံလို့ အခုနေပြောတဲ့ ဖမ်းဆီးမိန့်ကို တရားသူကြီးတွေရှေ့မှောက်မှာ လျှောက်ထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် နာမည်နဲ့ တင်သွင်းတာပါ။ တရားသူကြီးတွေက တရားဥပဒေလမ်းကြောင်းအတိုင်းပဲ အဆုံးအဖြတ်ပေးကြပါလိမ့်မယ်။”

မေး - တရားသူကြီးတွေ ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန်ဘယ်လောက်ကြာနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ - “ဒါကတော့ တရားသူကြီးတွေ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော့်အပေါ် မူမတည်ပါဘူး။ သူတို့က လုံးဝ ဘက်လိုက်မှု ကင်းရှင်းကြပါတယ်။ ကျနော်တို့ တင်ပြထားတဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးကြပါလိမ့်မယ်။ ဒီကိစ္စ အရေးကြီးတယ်ဆိုတာ သူတို့ မြင်သာမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခုလျှောက်ထားချက်က အချိန် ဘယ်လောက်ကြာနိုင်မလဲဆိုတာ ကျနော် မသိရပါဘူး။ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အဆောတလျင် လှုပ်ရှားခဲ့ကြပါတယ်။ အရမ်းကောင်းတဲ့ စုဖွဲ့လုပ်နိုင်စွမ်းလည်း ရှိခဲ့ပါတယ်။ ရိုဟင်ဂျာ အသိုက်အဝန်းဆီကလည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိခဲ့ပါတယ်။ သူတို့အားလုံးကိုလည်း အလေးအနက် ချီးကျူးပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ အခိုင်အမာရပ်တည်မှုကို ဖော်ပြခဲ့ကြပါတယ်။”

“ကျနော်တို့အနေနဲ့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်စုဆောင်းရေး ယန္တရားနဲ့လည်း လက်တွဲလုပ်ဆောင်ပါတယ်။ သူတို့က ICC ရော ICJ တရားရုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့မှာ တခြား မိတ်ဖက်အဖွဲ့အစည်းတွေရော နိုင်ငံအစိုးရတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေကြတာလည်း ရှိပါတယ်။ အခုအခြေအနေကတော့ တင်ပြထားတဲ့ အထောက်အထားတွေကို တရားသူကြီးတွေရဲ့ ဆင်ခြင်သုံးသပ်မှုနဲ့ သူတို့လိုအပ်မယ့် အချိန်ကာလအပေါ်မှာပဲ မူတည်ပါတော့မယ်။ ကျနော်တို့ကလည်း ကျနော်တို့ စိစစ်ထားတဲ့ အချက်အလက် အထောက်အထားတွေကို အခြေခံပြီး နောက်ထပ် ဖမ်းဆီးမိန့်တွေ တင်သွင်းနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။”

မေး - နောက်ထပ် ဖမ်းဆီးမိန့်တွေ လျှောက်ထားတင်သွင်းဖို့ ရှိနေတယ်လို့ ပြောထားတယ်ဆိုတော့ တခြားဘယ်သူတွေ ထပ်ပြီးပါဝင်လာနိုင်ခြေ ရှိပါသလဲ။

ဖြေ - “ကျနော် မှန်းဆပြောတာမျိုး မလုပ်ပါဘူး။ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်တဲ့ မှတ်ချက်လည်း မပေးနိုင်ပါဘူး။ ကျနော်တို့ ဦးတည်နေတဲ့အပေါ်မှာ အာရုံစိုက်ထားပါတယ်။ ဘာသက်သေအထောက်အထားတွေ ရှိနေလဲ ကျနော်တို့ သိပါတယ်။ သတင်းစကား ပေးချင်တာကတော့ အကြမ်းဖက်မှုကို စတင်လုပ်ဆောင်နိုင်စွမ်းရှိသူ၊ အခြေအနေကို အေးချမ်းအောင် ထိန်းသိမ်းပေးနိုင်စွမ်းရှိသူ၊ လက်ထဲမှာ သေနတ်ရှိရင် အရပ်သားတွေကို ပစ်နိုင်တယ်လို့ အထင်ရောက်နေတဲ့သူ ဘယ်သူမဆိုပါ။ ကျနော်တို့ ဖမ်းဆီးမိန့် လျှောက်ထားမှုကနေ သူတို့ နားလည်ထားသင့်တာကတော့ ဥပဒေဟာ ကျနော်တို့အားလုံးရဲ့ အထက်မှာရှိတယ်၊ သူတို့မှာ တရားဥပဒေအရ လိုက်နာရမှာတွေ ရှိနေတယ်၊ မြန်မာပြည်မှာ ဘာတွေဖြစ်ပျက်နေလဲ၊ ရိုဟင်ဂျာတွေအပေါ် ဘာလုပ်ခဲ့သလဲဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေကြတယ် ဆိုတာပါပဲ။”

“ကျနော် ဝမ်းသာအားရဖြစ်တဲ့ တချက်ကတော့ ရိုဟင်ဂျာ မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေဆီက တခဲနက် ကူညီအားပေးမှုတွေ လက်ခံရရှိခဲ့တာပါပဲ။ တရားဥပဒေဆိုတာ ကျူးလွန်ခံရ ပစ်မှတ်ထားခံရတဲ့ လူ့အသိုင်းအဝိုင်းလေးတခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ ကျနော်တို့အားလုံးက လူသားဖြစ်မှုဆိုတဲ့ ကုန်းမြေကြီး ကျွန်းမကြီးတခုရဲ့ အစိတ်အပိုင်းတွေပါပဲ။ ကျနော်တို့ဟာ တခြားသူတွေ ဒုက္ခခံစားနေကြရတာကို ဝင်ပြီး စာနာပေးဖို့ လိုပါတယ်။ ဒီစာနာမှုဟာ မတူညီတဲ့ ဘာသာတရား ယဉ်ကျေးမှု ကွဲပြားတဲ့ လူမှုအသိုက်အဝန်းတွေအတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ နယ်နိမိတ်၊ အချုပ်အခြာ ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ စည်းလုံးညီညွတ်မှုရဲ့ အခြေခံမျိုးစေ့ပါပဲ။”

“ဒါကပဲ မြန်မာနိုင်ငံကို နက်ရှိုင်းတဲ့ ယဉ်ကျေးမှု သမိုင်းတွေနဲ့ အံသြစရာ နိုင်ငံတခု ဖြစ်စေတာပါ။ လူတိုင်းဟာ နိုင်ငံရဲ့ မတူညီတဲ့ဒေသတွေမှာ နေကြရင်တောင် သူတို့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ခံစားကြည့်နိုင်သင့်ပါတယ်။ ဥပဒေအကာအကွယ်အောက်မှာ တန်းတူညီမျှရှိမှုနဲ့ မျှဝေပိုင်ဆိုင်တဲ့ လူသားဖြစ်မှုတွေကို အခြေခံထားကြတဲ့ နိုင်ငံတခုဖြစ်ဖို့ အခွင့်အလမ်းတခုပဲလို့ ကျနော် ထင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024