တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒုခ်ဆူကို စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းချက်တွေကို ရပ်တန့်ဖို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီကို အာဏာရ ပြည်သူ့အာဏာပါတီက ဒီဇင်ဘာ ၂၆ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဟာ ဒီဇင်ဘာ ၂၇ ရက်မှာ ယာယီသမ္မတ ဟန်ကို စွပ်စွဲပြစ်တင်ပြီး မဲခွဲဆုံးဖြတ်မယ့် ဥပဒေကြမ်းကို တင်သွင်းခဲ့ကာ ဒါဟာ အရင်သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ ၆ နာရီကြာ စစ်အုပ်ချုပ်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ပိုတင်းမာစေတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
အာဏာရ PPP ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဂွမ်န်ဆုန်းဒုနက “ဒီမိုကရက်တစ်ပါတီရဲ့ ဆူနာမီလို အင်အားများပြီး တကြိမ်ပြီးတကြိမ် စွပ်စွဲပြစ်တင်မှု လုပ်နေတာတွေဟာ အစိုးရကို တုန်လှုပ်သွားအောင်ထက် ပိုပြီး နိုင်ငံတော်အရေးကို လုံးဝပျက်စီးစေပါတယ်” လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီက ဒီကနေ့ စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းနေတာဟာ ယာယီသမ္မတ ဟန်ဒုခ်ဆူကို မဟုတ်ဘဲ အစိုးရကိုယ်တိုင်၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သံခင်းတမန်ခင်းနဲ့ တောင်ကိုရီးယားနိုင်ငံကို ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီဟာ ယာယီသမ္မတ ဟန်ဒုခ်ဆူကို အခြေခံဥပဒေခုံရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေကို ဖြည့်စွက်ဖို့အတွက် တရားသူကြီး ၃ ယောက်ကို ချက်ချင်းမခန့်အပ်ပေးရင် စွပ်စွဲပြစ်တင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လွှတ်တော်က အမည်စာရင်းတင်သွင်းထားသူ ၃ ယောက်ကို ထောက်ခံမဲပေးခဲ့ပြီး သူတို့ကို ယာယီသမ္မတ ဟန်က တရားဝင်ခန့်အပ်ခြင်း မရှိသေးပါဘူး။
ယာယီသမ္မတ ဟန်ဒုခ်ဆူက နိုင်ငံရေးပါတီများ ခန့်အပ်ခြင်းဆိုင်ရာ သဘောတူညီချက် မရရှိမချင်း တရားလွှတ်တော် ကိုယ်စားလှယ်တွေကို ခန့်အပ်မှာမဟုတ်ကြောင်း ဒီဇင်ဘာ ၂၆ ရက် အစောပိုင်းက ပြောထားတာပါ။
သူ့အဆိုအရ နိုင်ငံရေးအရ သဘောတူညီမှုမရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်စေလိမ့်မှာ ဖြစ်ပါတယ်။
ယာယီသမ္မတ ဟန်သာ စွပ်စွဲပြစ်တင်ခံရတယ်ဆိုရင် ဘဏ္ဍာရေးဝန်ကြီးက ယာယီသမ္မတအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ နေရာအများစုကို ချုပ်ကိုင်ထားတယ် ဆိုပေမဲ့ ယာယီသမ္မတကို စွပ်စွဲပြစ်တင်ဖို့ မဲအများစု ခပ်ရှင်းရှင်းရထားတာ ဒါမှမဟုတ် ဆန္ဒမဲ ၃ ပုံ ၂ ပုံ ရဖို့ လိုအပ်တယ် ဆိုတဲ့အပေါ် ပါတီတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်တချို့အကြား သဘောထားကွဲလွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Source : Reuters