လူထုအတွက် တော်လှန်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို လှိုက်လှဲစွာ ကြိုဆိုတဲ့အကြောင်းနဲ့ လူထုတာဝန်တွေကို အတူတကွ ထမ်းဆောင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်လိုက်ပါတယ်။
NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။
ဒါ့အပြင် NUG အစိုးရဟာ လူထုရဲ့ တာဝန်ပေးချက်အရ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင် နေရတာကြောင့် ရာထူးထိုင်ခုံ နေရာတွေကို ဖက်တွယ်နေတာ မဟုတ်သလို မိမိတို့ရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့နေတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့အစိုးရအဖွဲ့ထဲမှာ အခုတည်ဆဲ အခြေအနေထက် ပိုမို ကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေ လိုနေပါတယ်။ အကယ်၍ တည်ဆဲ ရာထူးနေရာတွေမှာ၊ အစားထိုး တာဝန်ယူနိုင်သူတွေရှိရင်လည်း ကျနော်တို့က ပုခုံးထမ်း လွှဲပြောင်း ပေးအပ်ဖို့ အမြဲ အသင့်ရှိကြောင်း လူထုကို အသိပေးစေချင်ပါတယ်။ အဲသည့်အတွက် ကျနော်တို့ဟာ အမြဲ လမ်းဖွင့်ထားကြောင်း ပြောချင်ပါတယ်။ လူထုအတွက် တော်လှန်ရေး တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မယ့် ခေါင်းဆောင်တွေကို ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရက လှိုက်လှဲစွာ ကြိုဆိုနေပါတယ်။ ကျနော်တို့နဲ့အတူ၊ လူထုတာဝန်တွေကို ထမ်းဆောင်ဖို့ လေးစားစွာ ဖိတ်ခေါ်ချင်ပါတယ်”လို့ပြောပါတယ်။
အခု ၂၀၂၅ ခုနှစ်မှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်း သားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ လည်း နိုင်ငံရေး/ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အခုထက်ပိုပြီး လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ မြင်ကြောင်းနဲ့ ဒီအတွက်လည်း မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမယ်လို့ လည်း ယာယီသမ္မတက ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလ အချိန် ၄ နှစ်ကြာလာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဝန်ကြီးတွေရဲ့ ခေါင်းဆောင်မှု စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်သုံးသပ်မှုတွေရှိနေချိန်မှာ ယာယီသမ္မတက ခုလို ဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခုရက်ပိုင်းအတွင်းမှာ ပဋိပက္ခတွေကြောင့် အိမ်မပြန်နိုင်ကြတဲ့ တရုတ်နိုင်ငံသား ၁၂၉ ဦးကို အိမ်ပြန်ခွင့်ရဖို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ လည်းဆိုပါတယ်။
NUG အနေနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် အမြဲကြိုးစား ဆောင်ရွက်နေရကြောင်းနဲ့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းမှ တရုတ်နိုင်ငံသား အလုပ်သမား ၁၂၉ ယောက်ကို အိမ်ပြန်ခွင့်ရဖို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကြောင့် အိမ်မပြန်နိုင်ခဲ့တာ ၄- ၅ နှစ်လောက် ကြာမြင့် ပြီဖြစ်တဲ့ တရုတ်အလုပ်သမားတွေကို တရုတ်နှစ်သစ်ကူးကာလမတိုင်မီ မိသားစုအတူ ပေါင်းစည်းနိုင်ရေးအတွက် အပြန်ခရီးကို လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ အဆိုပါ တရုတ်အလုပ်သမားတွေဟာ ဘယ်စီမံကိန်း ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေတာလဲ ဆိုတာကိုတော့ အတိအကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။
NUG အစိုးရဟာ ဇန်နဝါရီ ၁ ရက်မှာနိုင်ငံတဝန်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေကြရတဲ့ အကျဉ်းသား/သူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာတော့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် အဆိုပါ အပိုဒ် ၁ မှာ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူတွေကိုတော့ သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံ လျှော့ပေါ့ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက် သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။