စစ်ကောင်စီတပ်ရဲ့ သမိုင်းတလျှောက် ကြီးမားတဲ့ဆုံးရှုံးမှုတွေအဖြစ် အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ကျဆုံးအပြီးမှာ နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ ထပ်မံကျဆုံးတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
အခု ၂၀၂၄ ခုနှစ် အတွင်းမှာ စစ်ကောင်စီရဲ့ အကြီးမားဆုံးရှုံးနိမ့်မှုတွေ ဖြစ်နေသလို နိုင်ငံတဝန်းက မြို့ပေါင်း ၉၀ ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ သမ္မတ ဒူဝါလရှီးလက ခရစ္စမတ် ဆုတောင်းစကားမှာ ထည့်သွင်းပြောသွားတာပါ။
တော်လှန်ရေး ၄ နှစ်တာကာလအတွင်းမှာ ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ အကျပ်အတည်းတွေကို ပြည်သူလူထုတွေက ကြံ့ကြံ့ခံပြီး လူထုထောက်ခံအားပေးမှု၊ တော်လှန်ရေးရဲဘော်တွေနဲ့ မဟာမိတ်အင်အားစုတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုလည်း တွေ့ မြင်ရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ကျရောက်တဲ့ ခရစ္စမတ်အချိန်အခါဟာ ငြိမ်းချမ်းမှုတွေနဲ့ ဖြတ်သန်းရတဲ့ ရက်မြတ်တခု ဖြစ်ပါတယ်။
စစ်ကောင်စီကြောင့် ပြည်သူတွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုတွေနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွါဖြတ်သန်းနေရတာကို စိတ်ထိခိုက်မိကြောင်းနဲ့ ဆုတောင်းစကားတွေကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။