Home
မြန်မာသတင်း
ICJ အမှုတွင် ကြားဝင်ဆောင်ရွက်ရန် အိုင်ယာလန် လျှောက်ထား
DVB
·
December 25, 2024

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ အိုင်ယာလန်နိုင်ငံက လျှောက်ထားလာတယ်လို့ ICJ က ဒီဇင်ဘာ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက်  ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်က တရားစွဲဆိုထားတဲ့အမှုကို ၁၉၄၈ ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ ကြားဝင်ဆောင်ရွက်သွားမယ်လို့ အိုင်ယာလန်က ဆိုပါတယ်။

ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့ မြန်မာနဲ့ အစ္စရေးအမှုတွဲ ၂ ခုကို တရားဝင် ကြားဝင် ဆောင်ရွက်သွားဖို့ နိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဝန်ကြီးများအဖွဲ့ရဲ့ ပထမအကြိမ် အစည်းအဝေးမှာကတည်းက အိုင်ယာလန်အစိုးရရဲ့ ခွင့်ပြုချက်ကို သူ့အနေနဲ့ ရရှိထားခဲ့ကြောင်း အိုင်ယာလန်ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ မိုက်ကယ် မာတင်က ကြေညာထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ နိုင်ငံတနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ရုံးတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ခြုံငုံသုံးသပ်သွားဖို့ ICJ တရားရုံးကို အိုင်ယာလန်နိုင်ငံက တောင်းဆိုသွားမယ်လို့လည်း မိုက်ကယ် မာတင်က ပြောထားပါတယ်။

အိုင်ယာလန်အနေနဲ့ မြန်မာအမှုအပြင် ဂါဇာမှာ လူပေါင်း ၄၄,၀၀၀ သေဆုံးစေခဲ့ပြီး လူပေါင်းသန်းချီ နေရပ်စွန့်ခွာခဲ့ရတဲ့ အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုမှာလည်း ကြားဝင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အခုအခါ ICJ တရားရုံးမှာ မြန်မာကိုတရားစွဲဆိုထားတဲ့အမှုမှာ ဂမ်ဘီယာနိုင်ငံဘက်က ရပ်တည်တဲ့ နိုင်ငံ ၁၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းနဲ့ ဒီလဆန်းက ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ဘယ်လ်ဂျီယံတို့က ဒီအမှုမှာကြားဝင်လိုက်ပါဆောင်ရွက်ခွင့်ပြုဖို့  တရားရုံးကို လျှောက်ထားခဲ့တယ်လို့ ICJ က ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လ်ဒိုက်နိုင်ငံတို့က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့ မြန်မာအမှုမှာ ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ပူးတွဲလျှောက်ထားခဲ့ပြီး တရားရုံးက ခွင့်ပြုပေးခဲ့ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေ၊ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး NLD အစိုးရ လက်ထက်မှာရော မြန်မာစစ်တပ်ဘက်ကရော ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့လကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို တရားလိုရှေ့နေက တောင်းခံထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013