နိုင်ငံတဝန်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေကြရတဲ့ အကျဉ်းသား/သူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။
NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးထားပြီး ဇန်နဝါရီ ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် အဆိုပါ အပိုဒ် ၁ မှာ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူတွေကိုတော့ သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံ လျှော့ပေါ့ကျခံစေဖို့ ပြစ်ဒဏ်လွတ်ငြိမ်း သက် သာခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ ဘာအမှုနဲ့ အကျဉ်းကျနေတဲ့ ဘယ်သူတွေဆိုတာနဲ့ ဘယ်နေရာမှာ အကျဉ်းကျနေတာလဲဆိုတာကိုတော့ NUG ထုတ်ပြန်ချက်မှာ အသေးစိတ် ဖော်ပြခြင်းမရှိပါဘူး။