စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒာမာဟာ ဇန်နဝါရီ ၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က “ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အစပိုင်းမှာတော့ ဆိုင်ကယ်အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမဲ့ စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာဖြစ်ကြောင်း အတည်ပြုပါတယ်။ အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား ဝန်ထမ်းကောင်းတယောက် ဆုံးရှုံးလိုက်ရတာပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ သယံဇာတကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒာမာဟာ CDM ပြုလုပ်ထားတဲ့ ECD ဦးစီးအရာရှိတယောက်ဖြစ်ပြီး MONERC ရုံးအဖွဲ့သားတွေနဲ့ မိတ်ဆွေတွေ အနေနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
ဦးအရိန္ဒာမာဟာ ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဝဲဘက်နားထင်ကနေ ယာဘက်နားထင်အထိ ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်သား တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဦးအရိန္ဒာမာ လုပ်ကြံခံရတဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေအနီးမှာ ဖြစ်တယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်တယောက်က ဆိုပါတယ်။
သေဆုံးသွားတဲ့ ဦးအရိန္ဒာမာရဲ့ မိသားစုမှာ သမီးငယ်တယောက် ကျန်ရှိခဲ့ကာ အဆိုပါဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က “ခေတ်စနစ်ဆိုးထဲမှာ အလင်းတန်းသဖွယ် လင်းလက်နေပေမဲ့ အလင်းဒဏ်မခံနိုင်တဲ့ လူတချို့ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်းတယောက် ဆုံးရှုံးရတာဟာ တော်လှန်ရေးအစိုးရတရပ်အတွက် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ ဆရာ့ရဲ့ တိကျသေချာမှု၊ စနစ်ကျမှု၊ အဂတိကင်းမှု တန်ဖိုးတွေကို အမြဲအမှတ်ရနေမှာပါ” လို့ ဆက်လက်ရေးသားထားပါတယ်။
CDM ပြုလုပ်ထားတဲ့ ECD ဦးစီးအရာရှိ ဦးအရိန္ဒာမာ အသတ်ခံရတာဟာ ရွှေတွင်းကိစ္စရပ်တွေကြောင့်ဖြစ်ပြီး PDF တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာလို့လည်း စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ရက်စာမျက်နှာနဲ့ တယ်လီဂရမ် ချယ်နယ်တွေကနေ ရေးသားဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းကလည်း NUG ရဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးနဲ့ မိသားစုဝင် ၂ ယောက် လုပ်ကြံသတ်ဖြတ်ခံရကာ အမှုမှန်ပေါ်ဖို့ လှုပ်ရှားတောင်းဆိုထားကြပေမဲ့ ဒီနေ့အချိန်အထိ တရားခံဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။