၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် စစ်ကောင်စီက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတဲ့ အထဲမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး အပါအဝင် အကျဉ်းသား ၂၉ ဦး လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲမှာ ကလေးအကျဉ်းထောင်က နိုင်ကျဉ်းတွေ အပါအဝင် အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၄ ဦးသာ ပါဝင်တာပါ။
စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးဟာ ၅၀၅(က) နဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်တဲ့ ကိုဆန်းထွန်း၊ ကိုမင်းသူ တို့အပါအဝင် နိုင်ကျဉ်းအမျိုးသား ၄ ဦးနဲ့ နိုင်ကျဉ်းအမျိုးသမီး မအေးမိုးတို့ ပြန်လွတ်လာခဲ့တာလို့ ဆိုပါတယ်။
ယခင်နှစ်တွေက လွတ်ငြိမ်ပေးရင် ထောင်ကနေတဆင့် ရဲစခန်းရောက်မှ ခံဝန်နဲ့ လွတ်ငြိမ်းပေးခဲ့ပြီး ဒီနှစ်မှာတော့ ထောင်ရှေ့မှာတင် အားလုံးကို လွှတ်ပေးခဲ့တာဖြစ်ပြီး သူတို့တွေဟာ ထောင် ၂ နှစ် ကျခံနေရသူတွေလို့ ကလေးအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကလေးအကျဉ်းထောင်မှာတော့ အကျဉ်းသား ၁၅၀၀ ဝန်းကျင်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်အတွင်းက အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ။
စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တဲ့ အကျဉ်းသား ၆၀၀၀ ကျော်ထဲမှာတော့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် ပါဝင်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ဖြေကြားထားပါတယ်။