လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတဲ့အထဲမှာ စစ်ပြေးအမှုနဲ့ ပြစ်ဒဏ်ကျခံနေသူ အယောက် ၂၀၀ နီးပါး ပါဝင်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွင်း လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ အမိန့်မနာခံမှု၊ ခွင့်မဲ့ပျက်ကွက် စတဲ့ အမှုတွေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ အကျဥ်းသား ၂၀၀ နီးပါးလွတ်မြောက်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သူတို့က အဲဒီပြစ်မှုတွေ လုပ်ခဲ့ပေမဲ့ တိုက်ပွဲအတွေ့အကြုံ ရှိတာရယ်၊ စစ်ရေးအရ လိုအပ်ချက်အရ ပြန်ခေါ်တာ စစ်မှုပြန်ထမ်းမယ်ဆိုလို့ လွှတ်ပေးတာ။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၂၀၀ ကျော် လွတ်တယ်။”
အင်းစိန်အကျဥ်းထောင်က လွှတ်ပေးခဲ့တဲ့ အကျဥ်းသား ၁၀၀၀ ကျော်ထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ စစ်သား ၅၀ နီးပါးပါဝင်တယ်လို့ ပြန်လည်လွတ်မြောက်လာသူ တပ်မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
“တပ်မ ၁၁ လက်အောက်ခံတပ်က အစ်ကိုတယောက် ဒီနေ့ ပြန်လွတ်တယ်။ သူက ၇ နှစ် ကျနေတာ။ အရန်အင်အားမှာ ပြန်ပြီးထမ်းဆောင်ရမှာ။ သူ့လိုပဲ ရန်ကုန်မှာ ပြန်လွတ်တဲ့သူ ၅၀ လောက်ရှိတယ်။”
ဒါ့အပြင် ဧရာဝတီတိုင်း ပုသိမ်ထောင်က ပြန်လွှတ်ပေးတဲ့အထဲမှာ တပ်မ ၆၆ လက်အောက်ခံ ပုသိမ်နဲ့ ဓနုဖြူအခြေစိုက်တပ်ရင်းက စစ်သည်တွေလည်း ပါတယ်လို့ အဆိုပါတပ်ရင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ခလရ ၁၁ နဲ့ ခမရ ၁၀၈ က စစ်ပြေးမှုနဲ့ ထောင်ကျနေတဲ့သူတွေလည်း ပြန်လွတ်လာတယ်။ မိသားစုဝင်တွေဆီ ရောက်နေပြီ။ တပ်ရင်းတော့ ပြန်မရောက်သေးဘူး။”
စစ်ကောင်စီက ဒီနှစ် လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့သူ ၆၀၀၀ လောက်ထဲမှာ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျနေသူ ၆၀၀ လောက်သာ ပါဝင်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။