Home
မြန်မာသတင်း
ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရသူ ၆၀၀ ခန့်ပြန်လွှတ်မည်ဟု စစ်ကောင်စီပြော
DVB
·
January 5, 2025

NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဒေါက်တာခက်အောင် အပါအဝင် ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ ၆၀၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက သတင်းထုတ်ပြန်ပြောဆိုပြီး မွန်းလွဲပိုင်းအထိတော့ ၁၅၀ လောက်ပဲ လွတ်သေးတယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူပေါင်း ၆၀၀၀ ‌ကျော် ပြန်လွတ်လာဖို့ရှိပြီး ဒီထဲမှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံရသူ ၆၀၀ လောက်ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ တဆင့် ပြောဆိုပါတယ်။

စစ်ကောင်စီက ဒီနေ့ လွှတ်ပေးတဲ့အထဲမှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ကျနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်ပြီး ပန်းသပိတ် ဆင်နွှဲလို့ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ အမျိုးသမီး ၁၉ ယောက်လည်း ပါဝင်လာပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ အကျဉ်းထောင်အသီးသီးမှာ တသက်တကျွန်း ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ယောက်ကိုလည်း ထောင်ဒဏ် ၁၅ နှစ်အဖြစ် ပြောင်းလဲ ချမှတ်ခဲ့ပါတယ်။

လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တာနဲ့ ပတ်သက်တဲ့အမှုတွေ၊ မတရားအသင်းဥပဒေနဲ့ ပတ်သက်တဲ့အမှုတွေ၊ လက်နက်နဲ့ပတ်သက်တဲ့ အမှုတွေ၊ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုတွေ၊ သဘာဝဘေးအန္တရာယ်၊ အဂတိလိုက်စားမှု အမှုတွေကလွဲလို့ ကျန်ဥပဒေနဲ့ပတ်သက်ပြီး ဖမ်းဆီး ထောင်ချခံထားရသူတွေကိုတော့ ကျခံနေရတာရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့ ကြေညာပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ကိုလည်း လွတ်ငြိမ်းပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။

လွတ်လာသူတွေထဲ ပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျနေတဲ့ နိုင်ကျဉ်း ၆၀၀ ဝန်းကျင် ပါဝင်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောဆိုထားပေမဲ့  ဒီနေ့မွန်းလွဲလောက်အထိတော့ နိုင်ငံရေး အကျဉ်းသား ၁၅၀ လောက်အထိပဲ ပြန်လွတ်လာသေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းလောက်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က စောင့်ကြည့်မှုအရတော့ အကျဉ်းထောင် ၁၀ ခုကနေ နိုင်ငံရေးအကျဉ်းသားလွတ်တာ ၁၅၀ ဝန်းကျင်ပဲရှိသေးပြီး တချို့ထောင်တွေမှာဆိုရင် လွတ်လာတဲ့သူတွေထဲ နိုင်ငံရေး အကျဉ်းသားတွေတောင် မပါလာသေးဘူးလို့ ကွန်ရက်ရဲ့ ဉီးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဉီးက ပြောပါတယ်။ 

“ကနဦး အတည်ပြုထားတာက နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်ပဲရှိသေးတယ်။ တချို့ထောင်တွေမှာဆို နိုင်ငံရေးအကျဉ်းသားတောင် မလွတ်တဲ့ထောင်တွေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ စစ်ကောင်စီ ပြောသမျှ စကားအားလုံးကိုတော့ မျက်လုံးမှိတ် ယုံကြည်ဖို့ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ လိမ်ညာပြောဆိုမှုတွေကို အမြဲတမ်း ပြောဆိုနေတဲ့ စစ်ကောင်စီရဲ့ စကားတွေအားလုံးကို နားယောင်ပြီးတော့ ပြောဆိုဖို့ ခဲယဉ်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စာရင်းဇယားတွေ အတိအကျရဖို့ ကြိုးစားနေပါတယ်။ ရနိုင်တဲ့အခါမှာတော့ စစ်ကောင်စီ ပြောတာ မှန်ကန်မှု ရှိ၊ မရှိ ပြန်ပြီး ထောက်ပြသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ တောင်ငူ၊ က‌လေး၊ ပေါင်းတည်၊ ဒိုက်ဦး၊ ပြည်၊ မိတ္ထီလာ၊ မအူပင် စတဲ့အကျဉ်းထောင်တွေက စာရင်းကောက်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ ကျခံနေရသူ စုစုပေါင်း ၅၈၆၄ ယောက်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013