Home
မြန်မာသတင်း
စစ်မီးစတင်ကူးစက်လာနေသည့် ဧရာဝတီတိုင်း အန္တရာယ်ကင်းရန် ပရိတ်ရွတ်၊ ယတြာချေ
DVB
·
January 2, 2025
Photo : VV

ဧရာဝတီတိုင်းဒေသကြီးမှာ တိုက်ခိုက်မှုတွေ ကင်းဝေးပြီး စစ်ဘေးအန္တရာယ် မကျရောက်စေဖို့ ၂၀၂၅ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့က တိုင်းမြို့တော် ပုသိမ်မှာ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ခိုင်းခဲ့တယ်လို့ တိုင်းအဆင့် အစိုးရအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

တိုင်းဩဝါဒါစရိယ ဆရာတော်ကြီးတွေကို စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်က ပင့်ဖိတ်ပြီး ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးထဲမှာ အန္တရာယ်ကင်းပရိတ်တရား နာခဲ့သလို တိုင်းအစိုးရအဖွဲ့ရုံးမှာလည်း မေတ္တသုတ်တွေ ရွတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ တိုင်းအဆင့်အစိုးရအဖွဲ့နဲ့ နီးစပ်သူက “ရခိုင်စစ်မြေပြင်မှာ ဧရာဝတီတိုင်းက စစ်ကောင်စီတပ်သားတွေ အကျများနေတယ်။ တိုက်ပွဲက ဧရာဝတီတိုင်းဘက် ကူးစက်လာခြေ ရှိတယ်။ ပြီးတော့ ဒုတပ်ချုပ်ကလည်း ဧရာဝတီတိုင်း အသိမ်းမခံရအောင် အစစအရာရာ ပြင်ဆင်ထားဖို့ ပြောသွားတာ။ ဒါကြောင့် အန္တရာယ်ကင်းပရိတ်နာတာ” လို့ ပြောပါတယ်။

အဲဒီ ပရိတ်ရွတ်တရားနာပွဲကို တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ သူ့ဇနီးအပြင် တိုင်းမှူးနဲ့ ဇနီး၊ တပ်ရင်းမှူးတွေနဲ့ တပ်အရာရှိတွေ၊ သေဆုံးအရာရှိ စစ်သားတွေရဲ့ ဇနီးသည်တွေပါ တက်ရောက် ပရိတ်နာခဲ့ရတယ်လို့ သိရပါတယ်။

တပ်မိသားစုတွေနဲ့ နီးစပ်သူက “ဒုတပ်ချုပ်စိုးဝင်း ပုသိမ်လာပြီး နောက်နေ့ဆို ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့ အပြီးသိမ်းခံရတာပဲ။ ဒါကို ဧရာဝတီအတွက် နိမိတ်မကောင်းဘူးဆိုပြီး တပ်မိသားစုတွေကိုပါ ယတြာချေခိုင်းခဲ့သေးတယ်” လို့ ပြောပါတယ်။

တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက အခုရက်ထဲ ပရိတ်ရွတ်တာ၊ ယတြာချေတာတွေအပြင် ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ သာပေါင်းအထိ ကွင်းဆင်းပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ဆေးအတွက် အသင့်အနေအထားလုပ်ထားဖို့ ပြောဆိုခဲ့သေးတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013