Home
မြန်မာသတင်း
ပုသိမ်မြို့မှ ကုန်ကားများ ထွက်ခွာခွင့်ပိတ်ထား
DVB
·
January 1, 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ထွက်ခွာမယ့် ကုန်ကားတွေကို တိုင်းစစ်ကောင်စီက ထွက်ခွာခွင့်ပိတ်ထားတာ ၄ ရက်ရှိပြီ ဖြစ်တယ်လို့  ကုန်ကားမောင်းသူတွေထံက  သိရပါတယ်။

ပုသိမ်ကုန်ကား ယာဉ်မောင်းသူတယောက်က “လမ်းပိတ်ထားတာမျိုး မဟုတ်ဘူး။ အဓိက ပုသိမ်က ကုန်ကားတွေ ထွက်ခွာခွင့်မပေးတာ။ အရင်ချောဆွဲမရလို့ ပိတ်တာဆိုပြီး၊ အခု ထပ်ပိတ်ထားတာ ၄ ရက်ရှိပြီး၊ ပထမတခေါက်ပိတ်တော့ နာရီပိုင်းနဲ့ ပြန်ဖွင့်တာ၊ အခု ဘယ်လိုဖြစ်မယ် မသိဘူး”လို့ ပြောပါတယ်။

ပုသိမ်မြို့ထွက်ကုန်ကားတွေကို  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ  ၂၂ ရက်မှာ  ပထမအကြိမ် ပိတ်ခဲ့ပြီး၊ အခုတခါ ဒီဇင်ဘာ ၂၉ ရက်မှာ  ပုသိမ်မြို့ထွက်ကုန်ကားတွေ ထပ်ပိတ်ထားတာ ဖြစ်ပါတယ်။

ပုသိမ်ကို ကုန်ကားဝင်လို့ရပေမဲ့ ပုသိမ်ကထွက်တဲ့ ကုန်တင်ကား သီးသန့်ပိတ်တာဖြစ်ပြီး  ခရီးသည်တင်ကားနဲ့  အိမ်စီးကားတွေတော့ သွားလာလို့ ရတယ်လို့ ဒေသခံက ပြောပါတယ်။

ပုသိမ်မြို့ခံ ဈေးရောင်းသူတယောက်က “အခုလို ပိတ်တာ ရက်ရှည်လာရင် ကုန်စည်ပြတ်လပ်တာတွေ ဖြစ်လာမှာ၊ ဆေးဝါးတွေ စားသောက်ကုန်တွေ ပြတ်လာနိုင်တာပေါ့၊ အခု ဘယ်လိုဖြစ်မယ် မသိဘူး”လို့ ပြောပါတယ်။

အာရက္ခတပ်တော်က ဂွမြို့ သိမ်းပိုက်ပြီးချိန်ကစလို့ ဧရာဝတီတိုင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ရခိုင်စစ်ရှောင်တွေကို ဖမ်းဆီးတာ ဧည့်စာရင်းစစ်တာတွေလည်း ပိုလုပ်လာပါတယ်။ ရခိုင်ပြည်နယ်နဲ့ ထိစပ်တဲ့  ငါးသိုင်းချောင်းမြို့မှာ ခံစစ်ပြုလုပ်တာနဲ့ လေယာဉ်ကွင်းတည်ဆောက်တာတွေလည်း လုပ်နေပါတယ်။

ဂွမြို့နယ် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုင်းအတွင်းရှိကုန်ကားတွေနဲ့ ချောဆွဲကာ စစ်ကောင်စီတပ်သားတွေကို ခေါ်ဆောင်မှုတာတွေကိုလည်း သာပေါင်း ကြက်သွန်းကွင်းလမ်းဘက်ကနေ ပြုလုပ်နေကြောင်း ဒေသခံတွေထံက သိရှိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024