Home
မြန်မာသတင်း
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်၊ မြန်မာ့ လူဦးရေ  ၅၁ ဒသမ ၃ သန်းသာရှိ
DVB
·
December 31, 2024

စစ်ကောင်စီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ဒုတိယပတ်အထိ ကောက်ယူခဲ့ပြီး ရှေ့ပြေးရလဒ်အနေနဲ့ လူဦးရေစာရင်းကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သန်းခေါင်စာရင်းရည်ညွှန်းချိန်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်မှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိတဲ့ လူဦးရေစုစုပေါင်းဟာ ၅၁,၃၁၆,၇၅၆ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီပမာဏဟာ ၂၀၁၄ ခုနှစ်မှာရှိတဲ့ မြန်မာ့လူဦးရေ ၅၁,၄၈၆,၂၅၃ ယောက် နဲ့ယှဉ်ရင် ၁ သိန်းခွဲကျော် လျော့နည်းနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ လုံခြုံရေးအခြေအနေအရ  ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ ကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် လူဦးရေ ၃၂ သန်းကျော်ကိုသာ ကောက်ယူနိုင်ခဲ့ပြီး စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့ ဒေသတွေမှာတော့ လူဦးရေ ၁၉ သန်းကျော်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နယ်မြေဒေသလုံခြုံရေးအရ စာရင်းမကောက်နိုင်တဲ့ ဒေသတွေရဲ့ လူဦးရေကို ခန့်မှန်းရာမှာ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ တခြားဥရောပနိုင်ငံတွေက Commercial Company တွေထံကနေ ကြည်လင်ပြတ်သားပြီး နောက်ဆုံးဖမ်းယူရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ ပြန်လည်ဝယ်ယူကာ Earth Remote Sensing (ERS) နည်းပညာသုံးပြီး ခန့်မှန်းခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ ကနဦး အချက်အလက်တွေအရ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ပိုများပြီး ကျား/မအချိုးအနေနဲ့ အမျိုးသမီး ၁၀၀ မှာ အမျိုးသား  ၈၈ ဦးသာရှိကြောင်း သိရပါတယ်။ 

ရန်ကုန်တိုင်းဟာ လူဦးရေ ၇ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး၊ အဲဒီနောက် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းတို့ဟာ ဒုတိယနဲ့ တတိယလူဦးရေအများဆုံး တိုင်းနဲ့ပြည်နယ်တွေ ဖြစ်ပါတယ်။

ကယားပြည်နယ်ကတော့ လူဦးရေ ၃ သိန်းနီးပါးသာရှိပြီး လူဦးရေအနည်းဆုံးဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ သိပ်သည်းဆဟာ ၁ စတုရန်း ကီလိုမီတာမှာ ပျမ်းမျှ ၇၆ ယောက် နေထိုင်ပြီး နေထိုင်သူ ဦးရေဟာ တချို့ပြည်နယ်တွေမှာ ဆယ်ဂဏန်းလောက်ပဲ ရှိပေမဲ့ ရန်ကုန်မှာတော့ အယောက် ၇၀ဝ ကျော်လောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ သန်းခေါင်စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်ကွာဟမှု မြင့်မားနေဆဲဖြစ်ပြီး မြန်မာ့လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းသာ မြို့ပြမှာ နေထိုင်ကြပြီး ကျန် ၆၉ ရာခိုင်နှုန်းကတော့ ကျေးလက်မှာ နေထိုင်ကြဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ၁၉၇၃ မှာ တကြိမ်၊ ၁၉၈၃ မှာ တကြိမ်၊ ၂၀၁၄ မှာ တကြိမ်နဲ့ ယခု ၂၀၂၄ မှာ တကြိမ်၊ စုစုပေါင်း ၄ ကြိမ်ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ဒေသအချို့တွေမှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

အခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာတော့ ရန်ကုန်၊ ဧရာဝတီနဲ့ နေပြည်တော်တို့မှာပဲ ရာနှုန်းပြည့်ကောက်ယူနိုင်တာတွေ့ရပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ခန့်မှန်းလူဦးရေနဲ့ပါ စာရင်းဖြည့်စွက်ထားရပါတယ်။

အခုလို သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်တဲ့မြို့နယ်က တပြည်လုံးအတိုင်းအတာရဲ့ ၄၄ ရာခိုင်နှုန်းတောင် မပြည့်ချိန်မှာ စစ်ကောင်စီကတော့ ယခု သန်းခေါင်စာရင်းရဲ့ လွှမ်းခြုံနိုင်မှုဟာ ကျေနပ်စရာကောင်းတယ်လို့ဆိုပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ညီတယ်လို့လည်း ဆိုထားပါတယ်။

အရင် ၂၀၁၄ သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီတွေယူကာ ကောက်ခံခဲ့တာဖြစ်ပေမဲ့ အခုတကြိမ်မှာတော့ ကျပ်ငွေသန်းပေါင်း ၅၆၀၀၀ ကျော် စိုက်ထုတ်ကာ ကိုယ်ထူကိုယ်ထ ကောက်ခံတာဖြစ်ကြောင်း စစ်ကောင်စီက ကြွေးကြော်ထားပါတယ်။  

ဒါ့အပြင် အခုသန်းခေါင်စာရင်းက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး မဲစာရင်းပြုစုကာ လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်ထားလို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013