Home
မြန်မာသတင်း
ရုံးပိတ်ရက်ရှည်ပြောင်းလဲသတ်မှတ်မှု ပုဂ္ဂလိကလုပ်ငန်းများ အကျုံးဝင်
DVB
·
December 27, 2024

အများပြည်သူ ရုံးပိတ်ရက်ကို ရက်ရှည်ပြောင်းလဲသတ်မှတ်ချက်ဟာ အစိုးရဌာနဆိုင်ရာတွေတင် မကဘဲ  ပုဂ္ဂလိကလုပ်ငန်းတွေလည်း သက်ဆိုင်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြီး အသိပေးထားပါတယ်။

အများပြည်သူနဲ့ နိုင်ငံဝန်ထမ်းတွေ ခရီးသွားလာတာ အဆင်ပြေဖို့နဲ့ ရက်ရှည်အနားယူ အပန်းဖြေနိုင်ဖို့ ဆိုပြီး ၂၀၂၄ ဒီဇင်ဘာလနဲ့ ၂၀၂၅ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နဲ့ အများပြည်သူရုံးပိတ်ရက်ကြားရှိ ရုံးဖွင့်ရက် ၄ ရက်နဲ့ တပေါင်းလပြည့်နေ့ရဲ့ ရှေ့တရက် စုစုပေါင်း ၅ ရက်ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ အဲဒီရုံးပိတ်ရက်တွေရဲ့ ရှေ့လာမယ့် စနေနေ့ ၁ ရက်စီကို အစားထိုးရုံးတက်ရက်အနေနဲ့ ပြင်ဆင်သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။

ပြင်ဆင်သတ်မှတ်ချက်အရ ဒီဇင်ဘာ ၂၈ ကနေ ၂၀၂၅ ဇန်နဝါရီ ၁ ရက်အထိ ရုံးပတ်ရက် ၅ ရက်၊ ၂၀၂၅ ခုနှစ်အတွင်း မတ် ၁၃ ကနေ ၁၆ ရက်အထိ ရုံးပိတ်ရက် ၅ ရက်၊ နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်အထိ ရုံးပိတ်ရက် ၄ ရက်၊ ဒီဇင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်အထိ ရုံးပိတ်ရက်ရှည် ၄ ရက် ထပ်တိုးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရုံးပိတ်ရက်ရှည် ပြောင်းလဲသတ်မှတ်ကြောင်းကို စစ်ကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့ပေမဲ့ ပုဂ္ဂလိက စက်ရုံအလုပ်ရုံတွေဘက်ကတော့  အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတာ မရှိလို့ဆိုပြီး ပိတ်ဖို့ငြင်းဆန်တာတွေ ရှိခဲ့တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က  “ရုံးပိတ်ရက်ပြောင်းတာကို ပြန်တမ်းမှာထည့်ပေမဲ့ စက်ရုံတွေက အလရ (အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန) က စာမထွက်လို့ဆိုပြီး မပိတ်ဘူးလုပ်နေတာ။ အလုပ်သမားတွေက အဲဒါ မေးပါများတော့ အလရက အမိန့်စာထုတ်လိုက်တဲ့ သဘောမြင်တယ်” လို့ ပြောပါတယ်။

ပြောင်းလဲသတ်မှတ်လိုက်တဲ့ ရုံးပိတ်ရက်တွေမှာ အလုပ်ဆင်းရမယ်ဆိုရင် အချိန်ပိုကြေး ပေးရမှာဖြစ်သလို အလုပ်သမားအနေနဲ့လည်း ရက်မှန်ကြေး ဖြတ်တောက်ခံရခြင်းမရှိဘဲ အလုပ်မဆင်းလို့ ရတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ အစားထိုး ရုံးပိတ်ရက်ပေးတဲ့စနစ်ကို ပယ်ဖျက်ခဲ့ပြီး အခုခါမှာ ရုံးပိတ်ရက်ရှည်တွေကို ​ပြန်လည် အသုံးပြုလာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013