စစ်ကောင်စီက ကျင်းပမယ့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ဖို့ ရွေးကောက်ပွဲ ပြန်ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကို ဖိတ်ကြားထားပေမဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့ ဖိတ်ကြားထားခြင်း မရှိဘူးလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
အရင်တုန်းက နှစ်စဉ် လွတ်လပ်ရေးနေ့ကို တက်ရောက်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို အာဏာသိမ်းစစ်တပ်က ဖိတ်ကြားကာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ ဒီနှစ်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ကြားခြင်းမရှိတာဟာ ထူးခြားမှုရှိနေတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုပါတယ်။
ရွေးကောက်ပွဲပြန်ဝင်ကြမယ့် နိုင်ငံရေးပါတီတွေကိုတော့ စစ်ကောင်စီဘက်က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားပြီး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ် အသေးစိတ်ကိုတော့ ပြောဆိုထားတာ မရှိသေးဘူးလို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပမှာဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။
အောင်သူ