သွင်းကုန်၊ ပို့ကုန်တွေအပေါ် ကျသင့်တဲ့ အကောက်ခွန်ကို တွက်ချက်ရာမှာ အရင်က ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ တွက်ချက်ကောက်ခံနေရာကနေ လာမယ့်နှစ်သစ်မှာတော့ ဇန်နဝါရီ ၁ ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ဈေးကွက်ငွေလဲနှုန်းနဲ့ ပြောင်းလဲပြီး အခွန်စည်းကြပ်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီလို ပြောင်းလဲတွက်ချက်လိုက်တဲ့အတွက် ကျသင့်တဲ့ အကောက်ခွန်ဟာ အရင်ကထက် ၇၀ ရာခိုင်နှုန်းတိုးလာပြီး ဥပမာအားဖြင့် အရင်က ၁၀၀ ကျပ်ကျသင့်ရာမှာ ၁၇၀ ကျပ် ကျသင့်လာမှာ ဖြစ်ပါတယ်။ အဲဒီလို အခွန်နှုန်းထားများလာတဲ့အတွက် ပြည်ပက တင်သွင်းလာတဲ့ သွင်းကုန်တွေရဲ့ ဈေးနှုန်း မြင့်တက်လာဖွယ် ရှိနေပါတယ်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၄) အရ အခုလို ပြောင်းလဲကောက်ခံတာ ဖြစ်ပါတယ်။
စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့် ဈေးကွက်ငွေလဲနှုန်းကို အခြေခံပြီး အပတ်စဉ် နိုင်ငံခြားငွေလဲနှုန်းတွေကို အပတ်စဉ်ကြေညာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လာမယ့် ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ အကောက်ခွန်တွက်ချက်ရာမှာ အသုံးပြုမယ့် နိုင်ငံခြားငွေလဲနှုန်းကတော့ ဒေါ်လာဈေးကို ၃၅၈၆ ဒသမ ၈ ကျပ်နှုန်း၊ ယူရိုကို ၃၇၅၅ ဒသမ ၉၂ ကျပ်၊ ထိုင်းဘတ်ကို ၁၀၄ ဒသမ ၇၅၄ ကျပ်၊ အိန္ဒိယ ရူပီးကို ၄၂ ဒသမ ၂၃၈ ကျပ်၊ တရုတ်ယွမ်ကို ၄၉၂ ဒသမ၂၈ ကျပ် စသဖြင့် ၇၀ ရာခိုင်နှုန်းကျော်ဆီ တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေအနက် ၂၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်ခိုင်းနေဆဲပဲ ဖြစ်ပါတယ်။