Home
ဆောင်းပါး
အာဏာနဲ့ ပိတ်ဆို့ထားတဲ့ စီမံကိန်းမြေပေါ်မှာ အသက်ရှူကျပ်နေသူများ
DVB
·
January 1, 2025

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနဲ့အတူ အာဏာသိမ်းမှုကို ခုခံတွန်းလှန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီကလည်း နိုင်ငံတဝန်းမှာ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။

အဘက်ဘက်က ယိုယွင်းမှုတွေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးချွတ်ခြုံကျမှုတွေကြားမှာ အာဏာသိမ်းစစ်တပ်ဟာ ရပ်ဆိုင်းထားတဲ့ စီမံကိန်းတချို့ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။

အဲဒီထဲမှာ အစိုးရအဆက်ဆက် အငြင်းပွားမှုတွေနဲ့ ဒေသခံတွေ ကန့်ကွက်လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလည်း အပါအဝင် ဖြစ်ပါတယ်။

အတိတ်ဆိုးများနဲ့ လက်ပံတောင်းမြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာတဖက်ကမ်းမှာရှိတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်ကစတင်ပြီး တရုတ်အစိုးရပိုင် Norinco China North Industries Group Corporation Limited ရဲ့ လက်အောက်ခံကုမ္ပဏီတခုဖြစ်တဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ ယန်စီကုမ္ပဏီ၊ စစ်တပ်ပိုင် ဦးပိုင်လီမိတက်နဲ့ အစိုးရရဲ့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူပူးပေါင်းပြီးတော့ လုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ ဒီသတ္တုတူးဖော်ရေး စီမံကိန်းဟာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်မှာတော့ မြေယာအငြင်းပွားမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ဒေသခံနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီအချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ သပိတ်စခန်းနဲ့ တက်ကြွလှုပ်ရှားသူတွေကို သက်ဆိုင်ရာအစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဆန္ဒပြ ကန့်ကွက်မှုတွေကြား အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိသလို ဖြိုခွင်းမှုမှာ မီးလောင်ဗုံး အသုံးပြုခဲ့တာကြောင့် သံဃာတော်တွေပါ ထိခိုက်မှုရှိခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ ၂၀၁၂ ခုနှစ်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း ပြေလည်မှုမရခဲ့ပါဘူး။

စစ်အာဏာသိမ်းမှုနဲ့အတူ တကျော့ပြန်လာတဲ့စီမံကိန်း

အာဏာသိမ်းစကာလမှာ နိုင်ငံတဝန်း စစ်အာဏာသိမ်းတာတွေကို ဆန့်ကျင်မှုတွေနဲ့အတူ အာဏာသိမ်းမှုကို လက်မခံတဲ့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် ရပ်ဆိုင်း ငြိမ်သက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လမှာတော့ ငြိမ်သက်နေတဲ့ စီမံကိန်းနေရာအနီးက ဝက်မှေးနဲ့ ကန်တောဆိုတဲ့ ကျေးရွာနှစ်ရွာနဲ့ မြေဧက ၇၀ လောက်ကို ကြေးနီစီမံကိန်းဧရိယာအဖြစ် ခြံခတ် ပိတ်ဆို့လိုက်ကြပါတယ်။

စစ်အာဏာစက်နဲ့ လက်နက်ပြ ခြိမ်းခြောက်မှုတွေကြားက အကြောက်တရားအောက်မှာ ဒေသခံတွေဟာ ဘာမှမတတ်နိုင်ခဲ့ကြဘူးလို့ ဝက်မှေးရွာမှာမွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတဲ့ ရွာသူ မအေးက ပြောပါတယ်။

“စိတ်ကတော့ ဘယ်လိုလုပ်လုံခြုံမှာလဲ။ လုံခြုံမှုမဆိုထားနဲ့ ဘယ်နေ့သေမယ်ဆိုတာ မသိတဲ့ အနေအထား။ သူတို့က မြစ်အရှေ့ဘက်ကမ်းကနေ လှမ်းပစ်တာတွေရှိတယ်။ အဲဒါတွေက ရွာဘက်တွေ ကျတာတွေရှိတယ်။ ကျီးလန့်စာစား အိမ်ထဲနေလည်း မလုံခြုံဘူး။ တဘဝလုံး ကိုယ့်ရွာကိုယ်နေမယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေ အစကတည်းက ကိုယ့်ရွာကိုယ်ပဲ နေမယ်ဆိုပြီး နေနေကြတဲ့သူတွေ။ ကိုယ့်ဒေသကိုယ်နေတာ ဘယ်သူကမှ ဒီလိုမျိုး မတရားလုပ်ပိုင်ခွင့် မရှိဘူး။ တိုင်းပြည်ပျက်နေတဲ့ကာလ အာဏာသိမ်းထားတဲ့ကာလမှာ သူတို့ထင်သလိုလုပ်တာ၊ ရွှေ့မပေးရင် သတ်မယ် ဖြတ်မယ် ပြောတာ။ ရွာကလူတွေက ကြောက်တာပေါ့။”

တသက်လုံး နေထိုင်လာတဲ့ ရွာက ခြံခတ်ခံလိုက်ရလို့ သက်ကြီးရွယ်အိုတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ကြရပါတယ်။ သက်ကြီးရွယ်အိုတချို့ဆိုရင် ဘဝနောက်ဆုံးအချိန်တွေကို ရွာကိုပြန်ခွင့်မရဘဲ ဆုံးပါးသွားကြတယ်လို့ ဝက်မှေးရွာသူ မအေးက ပြောပြပါတယ်။

စီမံကိန်းပြန်လည်ပတ်နေတာ ဘယ်လိုသိနိုင်လဲ

စစ်အာဏာမသိမ်းခင် ကိုဗစ်ကာလအတွင်းမှာတော့ ဝန်ထမ်းတွေကို စခန်းသွင်းပြီး စီမံကိန်းကို တကျော့ပြန် လည်ပတ်ခဲ့ပါတယ်။ စခန်းသွင်းတာ မဝင်တဲ့ ဝန်ထမ်းတွေကိုတော့ လစာအပြည့်မဟုတ်ဘဲ တစုံတရာလစာပေးထားပြီး  စခန်းဝင်တဲ့သူကတော့ လုပ်အားခ ၂ ဆ ရတယ်လို့ CDM လုပ်ထားတဲ့ ဝန်ထမ်းတဦးက ပြောပြပါတယ်။

စစ်အာဏာသိမ်းစကာလမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်း ကြေးနီတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး ယာယီရပ်ဆိုင်းထားတယ်လို့ စာထုတ်ပြန်လာပါတယ်။ ဒါနဲ့အတူ CDM လှုပ်ရှားမှုကြောင့် ရပ်ဆိုင်းသွားတဲ့ စီမံကိန်းဟာ ၂၀၂၃ နှစ်ဦးပိုင်းမှာတော့ ပြန်ပြီး အသက်ဝင်လာတယ်လို့ ဒေသခံ ကိုလွမ်းသူက ပြောပါတယ်။

“၂၀၂၃ နှစ်ဦးပိုင်းမှာ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေထဲက အလုပ်ပြန်ဝင်လာကြတယ်။ တစတစနဲ့ စည်းရုံးတော့ အလုပ်ပြန်ဝင်လာကြပြီး ပြန်ဝင်တဲ့ဝန်ထမ်း များလာတယ်။ တရုံစာရရင် တရုံ လုပ်ငန်းပြန်လည်ပတ်တယ်လို့ ကြားရတယ်။ ၂၀၂၄ ထိ ဆက်လည်ပတ်နေတယ်။ မြင်နေရတာ မဟုတ်ပေမဲ့ လမ်းကြောင်းမှာ ကြေးနီအမြောက်အမြား သယ်တဲ့ကားတွေ၊ ကြေးနီထုတ်လုပ်ရာမှာ သုံးတဲ့ အက်စစ်တွေကို ပြည်ပကနေ တင်ပို့တဲ့ အက်စစ်ကားတွေ အမြောက်အမြားဝင်တာ၊ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြတာကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းပြန်လည်ပတ်နေတယ်၊ သေချာတယ် ကြေးထုတ်နေတယ်လို့ ပြောနိုင်တယ်။”

ဒါ့အပြင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေရဲ့  သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းတွေကတဆင့် စစ်ကောင်စီအတွက် ဒေါ်လာသန်း ၇၀၀ အကျိုးအမြတ်ရနေတယ် ဆိုတာကို Publish What You Pay ဩစတြေးလျရဲ့ “တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးလုပ်ငန်းများမှတဆင့် စစ်ကောင်စီက ဘယ်လိုအကျိုးအမြတ်တွေ ရရှိနေသလဲ” အစီရင်ခံစာအရ သိရပါတယ်။

ဒီအစီအရင်ခံစာမှာ တရုတ်ပိုင် သတ္တုတွင်းတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်နဲ့ တကောင်းတောင် သတ္တုတွင်းလုပ်ငန်းတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်က မြန်မာစစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့် ရှာဖွေပေးနိုင်တယ်လို့ ဆိုထားပါတယ်။

စစ်တပ်က စီမံကိန်းကို ဘယ်လိုအကာအကွယ်ပေးနေလဲ

စစ်တပ်အာဏာမသိမ်းခင်က အရပ်ဘက်လုံခြုံရေးနဲ့သာ ရှိခဲ့တဲ့ စီမံကိန်းနယ်မြေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကုမ္ပဏီနှစ်ခုလုံးကို စစ်တပ်က ရာနှုန်းပြည့် ကာကွယ်ထားခဲ့ပါတယ်။

စီမံကိန်းအနီးမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့သလို စီမံကိန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကလည်း အနီးအနားက ကျေးရွာတွေအထိ ပစ်ခတ်ခြောက်လှန့်မှုတွေ နေ့စဉ်လိုလို လုပ်နေခဲ့ပါတယ်။

ယင်းမာပင် ဆားလင်းကြီး သပိတ်ဦးဆောင်သူ ကိုလွမ်းသူကတော့ စီမံကိန်းအတွင်း စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို အခုလိုပြောပြပါတယ်။

“အာဏာမသိမ်းခင်က ကုမ္ပဏီထဲမှာ အရပ်ဘက်လုံခြုံရေးပဲရှိတယ်။ စစ်ဘက်လုံခြုံရေးမရှိဘူး။ အာဏာသိမ်းပြီးနောက် ကုမ္ပဏီ ၂ ခုလုံးမှာ လုံခြုံရေးတွေက CDM ဝင်ကြတယ်။ ကျန်တဲ့ အရပ်ဘက်လုံခြုံရေးကလည်း စစ်ဘက်လုံခြုံရေးအောက်မှာ နေရတယ်။ အဲဒီကုမ္ပဏီ ၂ ခုလုံးဟာ စစ်စခန်းသဖွယ် ဖြစ်တယ်။ မျှော်စင်တွေ၊ ဘန်ကာတွေ၊ ကျကျနန စစ်လက်နက်တွေ ဆောက်ပြီးမှ ကျကျနန နေထိုင်တယ်။ စကစနဲ့ ကုမ္ပဏီနဲ့ပေါင်းပြီး ပြည်သူတွေရဲ့ မြေယာတွေကို ထပ်တိုးချဲ့ သိမ်းဆည်းတာတွေ လုပ်တယ်။ အနီးဝန်းကျင်ကျေးရွာတွေကို ကုမ္ပဏီဝန်းထဲကနေထွက်ပြီး စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီး၊ ဖမ်းဆီး သတ်ဖြတ်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်။”

ဒီအခြေအနေတွေဟာ အာဏာသိမ်းစစ်တပ်တင်မကဘဲ တရုတ်ကုမ္ပဏီတွေမှာပါ တာဝန်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စီမံကိန်းကို ဒေသခံတွေ ဘာကြောင့် ကာကွယ်နေကြတာလဲ

အာဏာမသိမ်းခင်က လက်ပံတောင်းစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ကန့်ကွက်ခဲ့ကြတာဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ မြေယာအငြင်းပွားမှုတွေကြောင့် ဖြစ်ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနေနဲ့ စိုက်ပျိုးမြေတွေ မဖြစ်ထွန်းတာ၊ စီမံကိန်းကထွက်လာတဲ့ အက်ဆစ်တွေကြောင့် လူထုတွေဆီ ရိုက်ခတ်တာတွေကို ဒေသခံတွေ ခံစားခဲ့ကြရပါတယ်။

လက်ရှိအခြေအနေမှာ စစ်အာဏာသိမ်းမှုနဲ့အတူ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြားမှာ ဒီစီမံကိန်း ပြန်စတင်လိုက်ရင် စစ်တပ်ငွေရလမ်း များပြားသွားနိုင်သလို သူတို့ခြေကုပ်စရာနေရာ ဖြစ်သွားပြီး အကျိုးဆက်ကို ခံရမှာတော့ ဒေသခံတွေဖြစ်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီက မချောစုဟန်က ဆိုပါတယ်။

“ဒီလက်ပံတောင်းစီမံကိန်းကို ပြန်စလိုက်တာနဲ့ တော်လှန်ရေးက ခါးကျိုးသွားနိုင်တယ်လို့ ဒေသခံတွေပြောတာရှိတယ်။ ကြေးနီတန် ၃၀၀ ထွက်တယ်။ အဲဒီကြေးနီ လက်ရှိငွေပေါက်ဈေးနဲ့ ပြန်တွက်ရင် စစ်တပ်ရဲ့ ဝင်ငွေဟာ အင်မတန် များသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လက်ပံတောင်းစီမံကိန်းကရတဲ့ ကျမတို့ဒေသထွက် ကြေးနီတွေဟာ ကျမတို့ကို ပြန်သတ်မယ့် ကျည်ဆန်တွေ၊ ဗုံးတွေ ဖြစ်သွားမယ်။ လက်နက်ဖိုးတွေ ဖြစ်သွားမယ်။ ဒါကြောင့် စီမံကိန်းကို မစဖို့ ကန့်ကွက်နေကြတာ ဖြစ်တယ်။”

အပြန်အလှန် ကာကွယ်မှု၊ တိုက်ပွဲနဲ့ စစ်ပြေးရှောင်ရသူတွေ

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို အကာအကွယ်ပေးမယ်လို့ အခုနှစ်ထဲမှာပဲ တကြိမ်ထက်မက ထုတ်ပြောထားပါတယ်။ တဖက်မှာလည်း စီမံကိန်း ပြန်လည်စတင်နေတဲ့အပေါ် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီကို စစ်ကောင်စီတပ်တွေနဲ့ မပူးပေါင်းဖို့ ဒေသခံလူထု သပိတ်စစ်ကြောင်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အခုနှစ်ထဲမှာပဲ ဆက်တိုက် ကန့်ကွက်ခဲ့ကြပါတယ်။

ဒီအခြေအနေတွေနဲ့အတူပဲ ၂၀၂၄ ခုနှစ်ထဲမှာတော့ စီမံကိန်းအနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်ပံတောင်းနယ်မြေကို ပြန်လည်စိုးမိုးနိုင်ဖို့ အနီးအနားကရွာတွေကို စစ်ကြောင်းထိုးခဲ့သလို ကာကွယ်ရေးတပ်တွေဘက်ကလည်း စီမံကိန်းအနီးကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေနဲ့ ဖောက်ခွဲမှုတွေ ရှိခဲ့ပါတယ်။

ဒီအခြေအနေနဲ့အတူပဲ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေဟာလည်း မလုံခြုံမှုတွေနဲ့ နေထိုင်နေရတယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီက မချောစုဟန်က ပြောပါတယ်။

“ဝမ်ပေါင်နဲ့ကပ်လျက်ကြီး ခြံစည်းရိုးကပ်လျက်ဖြစ်နေတဲ့ မိန်းလမ်းကြီးက ကတ္တရာလမ်းမကြီး ဆားလင်းကြီးအတွက် ဆက်ထားတဲ့လမ်း ဖြစ်တယ်။ အဲ့လမ်းကြီးက ပြည်သူလူထု သုံးလို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘက်ကမြင်ရင် မြင်တာနဲ့ လှမ်းပစ်တယ်။ လှမ်းပြီးတော့ ပစ်တာတွေ၊ ပစ်လို့ မှန်လို့ ဒဏ်ရာရတာတွေလည်း ရှိတယ်။ မနက်ဆို ထွက်ထွက်ပြီး စစ်တာမျိုးတွေ၊ ဒါမျိုးတွေကို တွေ့ရှိရတယ်ဗျ။ ညဆိုလည်း ပြည်သူလူထုမှာ သူတို့အခွင့်အရေး လူတယောက်ရဲ့ အခွင့်အရေးသည် ၂၄ နာရီ လုံခြုံစွာသွားနိုင်တဲ့ အခြေအနေ ဖြစ်မနေဘူး။”

ဝက်မှေးရွာသူ မအေးကတော့ ဖိအားပေး ရွှေ့ပြောင်းခံထားရတဲ့နေရာကို သူ့ရဲ့အိမ်လို့ မသတ်မှတ်နိုင်သေးဘဲ အိမ်ပျောက်နေဆဲ ဖြစ်ပါတယ်။

“ဘာမှမရှိတော့ဘူး။ ကိုယ့်ရဲ့ ချစ်ပါတယ်၊ ခင်ပါတယ်ဆိုတဲ့ ရွာဆိုတာလည်း မရှိတော့ဘူး။ မြေတွေလည်း အသိမ်းခံလိုက်ရတယ်ဆိုတော့။ သူများတွေ အိမ်မီးနဲ့ရှို့ခံရတာက လုပ်စားစရာ မြေပိုင်ရှိသေးတယ်။ ကိုယ့်မှာက လုပ်စားစရာ ဘာမှမရှိတော့ဘူး။ မီးရှို့ခံရတဲ့သူတွေကလည်း ညည်းတို့ကမှ အိမ်ရှိသေးတယ်၊ ငါတို့မှာ အိမ်မရှိဘူး၊ အပြန်အလှန်ဖြစ်ကြတယ်။”

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ နေအိမ်ပေါင်း တသိန်းကျော်ရှိပြီး အဲဒီထဲက နေအိမ် ၇ သောင်း ကျော်လောက်ဟာ စစ်ကိုင်းတိုင်းထဲက နေအိမ်တွေ ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီဖြစ်ပြီး ၈ သိန်းကျော်ကတော့ စစ်ကိုင်းတိုင်းထဲက ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

လက်ရှိ လက်ပံတောင်းစီမံကိန်းနယ်မြေအနီးက ဒေသခံတွေရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင်လည်း ဒေသခံတွေဟာ အစိုးရအဆက်ဆက် ခါးစည်းခံလာရတဲ့ ဒုက္ခတွေကို စစ်အာဏာသိမ်းမှုအောက်မှာ ထပ်ဆင့် သောကဝေနေကြရပါတယ်။

မွန်မွန် 

-Beyond Borders Myanmar Voices

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024