စစ်ကောင်စီ ခေါ်ယူတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရပ်တန့်နေတဲ့အပြင် အယုံအကြည် မရှိဘူးလို့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA (PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့တွေဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ခေါ်ယူတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့တဲ့ အဖွဲ့တွေရှိသလို မတက်ရောက်တဲ့ အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။
DKBA ဒုတိယစစ်ဦးစီးချုပ် စောရွှေဝ က “ငြိမ်းချမ်းရေးကတော့ ဘယ်လိုပြောမလဲ။ သူကခေါ်တော့ခေါ်တယ်။ ဒါပေမဲ့ ကျနော်တို့လူကတော့ သွားတယ်။ သွားတာ နဲ့ ဘာမှမရှိဘူး။ ဒါပေမဲ့ ကျနော်တို့ ကရင်ပြည်နယ်ကို သွားပြီးတော့ ပြန်လာတာပဲ။ ဘာမှ တိုးတက်မှုမရှိဘူး။ ပြောရမယ်ဆိုရင် ရပ်တန့်နေတယ်” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲလမ်းဖွင့်ထားတယ်ဆိုပြီး စစ်ခေါင်းဆောင်က ကရင်နှစ်သစ်ကူးနေ့မှာ သဝဏ်လွှာပို့ခဲ့ပြီး အဲဒီနေ့မှာပဲ ကရင်ပြည်နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မနက်မှာ ကရင်ပြည်နယ် သထုံခရိုင် ယိုးကလား၊ ထီးဖဒိုထာကြားနဲ့ ဖာပွန် ခရိုင်အတွင်းက နိုဖောထီးကျေးရွာမှာ ပြုလုပ်နေတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပနေတဲ့နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ကရင် အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
တပ်မဟာ ၆ တပ်မဟာလုံခြုံရေးမှူး ဗိုလ်မှူး ဒါဘောက “ဒီအာဏာရှင် မပြုတ်သရွေ့ကတော့ ဒီနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။ ဘယ်လိုမှလည်း ငြိမ်းချမ်းလာမှာမဟုတ်ဘူး။ သေချာတာတခုက ဒီအာဏာရှင်ပြုတ်မှပဲ ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ကိုယ်နိုင်ငံ ကိုယ်ပြည်နယ်၊ ကိုယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်လို့ရမယ်။ ဒါကြောင့်မို့ ကျနော်တို့က ငြိမ်းချမ်းရေးကို အယုံအကြည်ကို မရှိတာ” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ပေးပို့တဲ့ ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာမှာ ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ဖို့ အမြဲလမ်းကမ်းကြိုဆိုနေပြီး တံခါးဖွင့်ထားတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ငြိမ်ချမ်းရေးကို ရအောင်လုပ်တဲ့ စစ်ဗိုလ်ချုပ်ကိုပဲ လိုချင်တယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
“ဆိုးသွမ်းတဲ့ စနစ်အောက်ကနေ ငြိမ်းချမ်းရေးလေး ကွက်လပ်လေးတခုရစေချင်လို့ ငါတို့ဒေသမှာ တည်တည်ငြိမ်ငြိမ်ဖြစ်စေချင်လို့ ငါတို့ဆွေးနွေးပွဲမှာ မဖျက်ဘဲ တည်တည်ငြိမ်ငြိမ်သွားနေတဲ့ အနေအထားရှိတယ်။ တကယ်တမ်း ဒီဆေးနွေးပွဲက အောင်မြင်လား မအောင်မြင်ဘူး။ ဒါကြောင့် အကောင်းဆုံး ဖြစ်ချင်တာကတော့ ငြိမ်းချမ်းရေးကိုရအောင် စစ်မှန်တဲ့ ငြိမ်ချမ်းရေးကို လုပ်တဲ့ ဗိုလ်ချုပ်ကို ပိုပြီးလိုချင်တယ်။”
စစ်ခေါင်းဆောင်က ပြည်တွင်း ငြိမ်းချမ်းရေးအကြောင်း ငြိမ်းချမ်းစေချင်ကြောင်း မကြာခဏ ထုတ်ပြောလေ့ရှိပေမဲ့ လက်တွေ့မှာတော့ အာဏာသိမ်းပြီးကာလ နောက်ပိုင်း တိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပါတယ်။