Home
ဆောင်းပါး
အရှက်မရှိတဲ့ ပွဲကြိုက်မောင် စစ်ရှုံးကောင်
DVB
·
January 2, 2025
Design-DVB

မြန်မာစကားအသုံးအနှုန်းမှာ အသက်နှင့် လူမလုပ်၊ အရှက်နှင့် လူလုပ်တယ်လို့ သုံးစွဲတတ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ အသက်ရှိရုံနဲ့ လူမဖြစ်၊ အရှက်ရှိမှသာ လူဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။ အရှက်ရှိမှ အကြောက်ရှိမှာ ဖြစ်ပါတယ်။ မကောင်းမှုပြုဖို့ အရှက်တရားရှိတဲ့သူမျိုးမှာပဲ အကြောက်တရားရှိမှာ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ဒုက္ခအမျိုးမျိုးပေး၊ ပြည်သူလူထုကို လက်ရဲဇက်ရဲ သတ်ဖြတ်ပြီး တိုင်းပြည်ကို အမြင့်ဆုံးဖျက်ဆီးလို့ စစ်ရာဇဝတ်မှုကုဋေကုဋာကို ကျူးလွန်ဆဲဖြစ်တဲ့၊ ကျနော်မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ လူပုံလည်ပြောခဲ့တဲ့ အာဏာရူးမင်းအောင်လှိုင်နဲ့ စစ်မကောင်းဆိုးဝါးတအုပ်ဟာ လူငယ်လူရွယ်တွေကို စတေး၊ ပြည်သူလူထုအသက်ကို ချကျွေးလည်း တိုက်တိုင်းရှုံးနေပေမဲ့ အရှက်မရှိတဲ့ စစ်ရှုံးကောင်တွေ ဖြစ်ကြပါတယ်။

စိတ်ဓာတ်ကြံ့ခိုင် ပြတ်သားရဲရင့်တဲ့လူတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ အရှက်ကို သူတို့ရဲ့ အသက်ထက်မက တန်ဖိုးထားတတ်ကြပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း သူတို့တန်ဖိုးထားတဲ့ အပျိုစင်ဘဝနဲ့ ကာယိန္ဒြေ အရှက်စော်ကားခံခဲ့ရမယ်ဆိုရင် အသက်နဲ့ လဲသွားတတ်ကြပါတယ်။

ဒီဆောင်းပါးမှာတော့ အရှက်ရှိတဲ့လူတွေအကြောင်းနဲ့ အရှက်မရှိသူတွေအကြောင်း ချိန်ထိုး ရေးသားပြချင်ပါတယ်။ အရှက်ရှိသူတွေအကြောင်းကတော့ စစ်ရှုံးအရှက်ရှိကြတဲ့ ဂျပန်စစ်ဗိုလ်ချုပ်တွေအကြောင်း ရေးသားထားတဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ “ရှက်စိတ်” ဆိုတဲ့ စာအုပ်ထဲက အောက်ပါအကြောင်းအချို့ကို ထုတ်နုတ်ရေးသားလိုက်ပါတယ်။ ရှက်စိတ်စာအုပ်ကို မန္တလေးစာအုပ်တိုက်ကနေ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလထဲမှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

“ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးလို့ ဒုတိယကမ္ဘာစစ် အဆုံးသတ်ခါနီးအချိန်မှာ အိုင်ဝိုဂျီးမားကျွန်းပေါ်က ဂျပန်တပ်တွေ လက်နက်ချရမယ့်နေ့ အရုဏ်တက်အချိန်မှာ သူတို့ဌာနချုပ်လုပ်ထားတဲ့ ဂူအနီး မလှမ်းမကမ်းမှာ ခင်းထားတဲ့ စောင်အဖြူကြီးတထည်ပေါ်မှာ ဂျပန်ဒုတိယဗိုလ်ချုပ်ကြီး “ဥရှိဂျီးမား” နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး “ချို” တို့ဟာ သူတို့ အမြတ်တနိုး ကိုင်ဆောင်ကြတဲ့ ဓားတွေနဲ့ “ဟာရာကီရိ” လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိုးစိုက်ပြီး သတ်သေသွားခဲ့ကြပါတယ်။

စစ်ရှုံးခဲ့ရတဲ့ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေ အများအပြားဟာ ရန်သူ့ဆီကို လက်နက်ချ အညံ့ခံမယ့်အစား သူတို့ကိုယ်သူတို့ “ဟာရာကီရိ” လုပ်ပြီး သတ်သေသွားခဲ့ကြရာမှာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် သုံးကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မင်းသားကြီး ကိုနိုယေး၊ နာမည်ကျော် “ခါမိခါဇေး” အသေခံတပ်များရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ ရေကြောင်းဗိုလ်ချုပ်ကြီး “အိုနိရှိ” နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် “ဆူဂျီယာမ” တို့လည်း ပါဝင်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက နံပါတ်တစ် ဖက်ဆစ်ရာဇဝတ်ကောင်လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂျပန်ဗိုလ်ချုပ်ကြီး တိုဂျိုကတော့ သူ့ကိုယ်သူ ပစ္စတိုနဲ့ ပစ်သတ်တာ မသေခဲ့လို့ အမေရိကန်တွေလက်ထဲ အဖမ်းခံရပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကြိုးစင်တက်သွားခဲ့ရပါတယ်။ ဂျပန် စစ်ဗိုလ်ချုပ်ကြီးတွေလိုပဲ နာဇီဂျာမန်တပ်တွေရဲ့ ဦးသျှောင်ဖြစ်တဲ့ ဟစ်တလာ ကိုယ်တိုင်လည်း ဆိုဗီယက်တပ်တွေဟာ သူ့ဌာနချုပ်ရဲ့ လက်တကမ်းအကွာ ရောက်လာတဲ့အချိန်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

ကိုယ်ဦးဆောင်တဲ့ စစ်ပွဲရှုံး၊ တိုက်ပွဲရှုံးတဲ့အခါ အရှက်ကို အသက်နဲ့လဲသွားကြတဲ့ နောက်ထပ် အစဉ်အလာတခုကို ဆရာကြီး လူထုစိန်ဝင်းက ရေးသားခဲ့ရာမှာ ကိုလိုနီခေတ်ဦးပိုင်း စစ်သင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ ရေကြောင်းတိုက်ပွဲတွေမှာ မိမိစစ်သင်္ဘောတွေ အမြောက်ဆန်ထိပြီး နစ်မြုပ်တော့မယ်ဆိုရင် သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခွင့်ရှိကြပေမဲ့ စစ်သင်္ဘောရဲ့ အကြီးအကဲ ကပ္ပတိန်တွေကတော့ သင်္ဘောနဲ့အတူ နစ်မြုပ် အသေခံသွားခဲ့ကြတဲ့အကြောင်း‌ ရှက်စိတ် ဆိုတဲ့စာအုပ်ထဲမှာ ထည့်ရေးပြခဲ့ပါတယ်။

ကိုယ်ဦးစီးတိုက်တဲ့စစ်ပွဲ ရှုံးတဲ့အခါ ကိုယ့်သင်္ဘောကို စွန့်ခွာထွက်ပြေးသူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲ အကျိုးနည်းရမယ့် အဖြစ်ကို ရင်ဆိုင်ရမယ့်အစား အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားခဲ့ကြတဲ့ လုပ်ရဲရင်ခံရဲတဲ့ စိတ်ဓာတ်၊ အရှုံးကိုလက်ခံပြီး ကိုယ့်အမှားအတွက် တာဝန်ယူရဲတဲ့စိတ်ဓာတ်ကို ထောက်ပြခဲ့ပါတယ်။

အဲဒီစိတ်ဓာတ် သတ္တိမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သူ မလုပ်ရဲတာ ဘာမှမရှိဘူးလို့ပြောပြီး သူနဲ့ သူဦးဆောင်တဲ့ စစ်အခွင့်ထူးခံ အသိုက်အဝန်းတွေရဲ့ မိုက်မဲမှုနဲ့ အမှားကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေမွ ပျက်စီးသွားရတဲ့ မြန်မာနိုင်ငံ လက်ရှိအခြေအနေတွေအပေါ် တာဝန်ယူ တာဝန်ခံမှု လုံးဝမရှိတဲ့အပြင် အရှုံးကိုလက်မခံ၊ အမှားကိုဝန်မခံဘဲ ဆက်ပြီး လိမ်ညာမုသားပြောလို့ အမှားလမ်းပေါ် ဇွတ်တိုးလျှောက်နေကြတာ အာဏာလု သမ္မတရူး မင်းအောင်လှိုင်တို့ စစ်မကောင်းဆိုးဝါးတအုပ်ပဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ဓားပြဂိုဏ်းရဲ့ အစဉ်အလာရှိ နာမည်ကြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့် (MNDAA) နဲ့ တပ်ပေါင်းစု မဟာမိတ်များက သိမ်းပိုက်ခဲ့တာမို့ စစ်တပ်အသိုက်အဝန်းနဲ့ တပ်ထောက်ခံသူတွေကြား ပွက်လောရိုက်လို့ မချိမဆန့် ခံစားခဲ့ရပါတယ်။

ဒါပေမဲ့ အရှက်မရှိတဲ့ ပွဲကြိုက်မောင် စစ်ရှုံးကောင် မင်းအောင်လှိုင်ဟာ ဘာမှမဖြစ်သလို ဟန်ဆောင်ဖုံးကွယ်ပြီး အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အရှက်မရှိ တက်ရောက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) စစ်တိုင်းဌာနချုပ်တခုလုံးကို သိမ်းပိုက်ရရှိလို့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့အချိန်မှာ အရှက်မရှိ စစ်ရှုံးကောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲတက်ရောက်လို့ စစ်ရှုံးနေဝာာ မဟုတ်သလို ဟန်‌မပျက် ပွဲတက်နေခဲ့ပါသေးတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူလူထုက လက်မခံဘဲ စစ်အာဏာတည်မြဲရေးအတွက် နိုင်ငံနဲ့ မိဘပြည်သူကို ချနင်းပြီး အချုပ်အခြာအာဏာကို လုယူခဲ့ပေမဲ့ အောင်မြင်မှု တခုတလေတောင် မရခဲ့ဘဲ ၄ နှစ်သာပြည့်တော့မယ် စစ်ရှုံး၊ စီးပွားရေးရှုံး၊ သံတမန်ရေးရှုံး အဘက်ဘက်မှာ အရေးနိမ့် ကျရှုံးနေပေမဲ့ အရှုံးကိုဝန်မခံ၊ တာဝန်မယူရဲတဲ့ အရှက်မရှိတဲ့ စစ်ရှုံးကောင် ပွဲကြိုက်မောင် မင်းအောင်လှိုင်ဟာ အခမ်းအနားတွေ၊ နှစ်ပတ်လည်နေ့တွေ၊ ဖွင့်ပွဲ ပိတ်ပွဲတွေ အရည်မရ အဖတ်မရ ပွဲတွေလိုက်တက်ပြီး သူ့ရဲ့ ဇွတ်အုပ်ချုပ်ရေးအောက် ငြိမ်းချမ်းတိုးတက် သာယာဝပြောနေတယ်လို့ လူပြိန်းတွေယုံအောင် ဟန်မပျက် လိုက်တက်နေတာဟာ နောက်ကျောဟောင်းလောင်း၊ ဖင်ဟောင်းလောင်းနဲ့ အရူးတယောက်က အရှက်မရှိဘဲ လူပုံလည်သွားလာ ရူးနှမ်းနေပုံမျိုးနဲ့ တူလှပါတယ်။

သေချာတာတခုကတော့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးရဲ့ နွေဦးတော်လှန်ရေး လှိုင်းလုံးကြီးတွေဟာ တလှိုင်းပြီး နောက်တလှိုင်း တဆင့်ပြီး နောက်တဆင့် တိုးပွားကြီးမားလာနေတာမို့ မဝေးတော့တဲ့ ကာလတခုမှာ အရှက်မရှိတဲ့ ပွဲကြိုက်မောင် စစ်ရှုံးကောင်တွေရဲ့ စစ်အာဏာရှင် ယန္တရားဟောင်းကြီးကို အပြီးတိုင် ရိုက်ချိုး  နိဋ္ဌိတံပေးတော့မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024