Home
မြန်မာသတင်း
သန်းခေါင်စာရင်း မကောက်နိုင်ဘဲ ရွေးကောက်ပွဲလုပ်မည်ဟု စစ်ခေါင်းဆောင် ထပ်ပြော
DVB
·
January 1, 2025

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ခဲ့သလို နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ရေးအရ ရှုံးနိမ့်ပြီး လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ များလာနေပေမဲ့ စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ၂၀၂၅ နှစ်သစ်ကူးအစ မိန့်ခွန်းမှာ ထပ်မံ ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အန္တိမရည်မှန်းချက်ဖြစ်ကြောင်း အာဏာသိမ်းစကတည်းက မကြာခဏ ထုတ်ပြောလေ့ရှိပြီး တိုက်ပွဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေ ကြားမှာပဲ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံနယ်မြေ တဝက်ကျော်လောက်မှာသာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက် ဒီကနေ့ ၂၀၂၅ နှစ်သစ်မိန့်ခွန်းမှာတော့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတာ အောင်မြင်တယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်း ပြောဆိုသွားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ  ၅၁ သန်းကျော်ရှိတဲ့အနက် ၃၂ သန်းကျော် (၆၃ ရာခိုင်နှုန်း) သာ ကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇ ရာခိုင်နှုန်း) ကိုတော့ စစ်ကောင်စီက မကောက်ယူနိုင်ခဲ့ဘူးလို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လူဦးရေစာရင်း ရာနှုန်းပြည့်နီးပါး ကောက်ယူနိုင်ခဲ့တာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) တွေပဲ ရှိပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွေမှာ တစိတ်တဒေသသာ ကောက်ယူနိုင်ခဲ့တယ်လို့ Data for Myanmar ရဲ့ အချက်အလက်တွေက ဆိုပါတယ်။

ဒါဟာ အဲဒီဒေသတွေမှာရှိတဲ့ စုစုပေါင်း ဒေသလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့အထက် ကောက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာ တစိတ်တဒေသသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ပြီး စုစုပေါင်း ဒေသလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ အောက်သာ ကောက်ယူနိုင်တာကို Data for Myanmar ကတွေ့ရှိထားပါတယ်။

စစ်ကောင်စီ သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ လူဦးရေ ၁၉ သန်းကျော်ထဲက လူဦးရေ သန်းနဲ့ချီ မကောက်ယူနိုင်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းတွေဆိုရင် တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေ ဖြစ်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာတော့ လူဦးရေ ၅ ဒသမ ၂ သန်းအထိကို စစ်တပ်က သန်းခေါင်စာရင်း မကောက်ယူနိုင်မှု အများဆုံးအရေအတွက်အနေနဲ့ တွေ့ရပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေရဲ့ အားပေးထောက်ခံမှု ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013