Home
မြန်မာသတင်း
တွေ့ဆုံဆွေးနွေးရေး လက်ကမ်းကြိုနေဟု စစ်ခေါင်းဆောင် ထပ်မံပြော 
DVB
·
December 30, 2024

ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ဖို့ အမြဲလက်ကမ်းကြိုဆိုနေပြီး တံခါးဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃၀ မှာ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပြီး မိန့်ခွန်းမှာတော့ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း ထည့်ပြောသွားပါတယ်။

စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေမှာ အခုလို မကြာခဏ ပြောနေပေမဲ့ တဖက်မှာလည်း ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အရပ်သားပြည်သူတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လက်ကြီးနဲ့ပစ်ခတ် စစ်ကြောင်းထိုးတာတွေ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်လိုလို လုပ်ဆောင်နေတာပါ။
ကရင်ပြည်နယ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဖြစ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန် ပြောဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၈၀ ဝန်းကျင် ရှိခဲ့သလို စစ်ဘေးရှောင် ၄ သိန်းကျော်အထိ ရှိတယ်လို့ KHRG ရဲ့ ၂၀၂၃ ခုနှစ်အထိ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

လက်ရှိမှာတော့ နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေရဲ့ အောင်မြင်တဲ့ တိုက်ပွဲတွေနဲ့အတူ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေအဖြစ် အောင်မြင်မှု ရထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013