ဆီးရီးယားနိုင်ငံမှာ ရွေးကောက်ပွဲအသစ်တွေ ပြန်ကျင်းပနိုင်ဖို့အတွက် အချိန် ၄ နှစ်လောက် ကြာမြင့်နိုင်တယ်လို့ တော်လှန်ရေးခေါင်းဆောင် အာမတ်ဒ် အယ်လ်-ရှာရာက ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
ဆော်ဒီနိုင်ငံပိုင် အာလ်-အယ်ရာဘီယာ ရုပ်သံဌာနနဲ့ အင်တာဗျူးမှာ ရှာရာက အခြေခံဥပဒေသစ် တရပ်ကို ရေးဆွဲဖို့အတွက်လည်း ၃ နှစ်အထိ အချိန်ယူရနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဆီးရီးယားပြည်သူတွေအနေနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ အစိုးရဝန်ဆောင်မှု တိုးတက်လာတာတွေကို မြင်တွေ့ရဖို့ကတော့ တနှစ်လောက် အချိန်ပေးရနိုင်တယ်လို့ ဖြည့်စွက်ပြောပါတယ်။
ဒါဟာ သမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ်ကို ဖြုတ်ချနိုင်ခဲ့ပြီးနောက် ခေါင်းဆောင်သစ် ဖြစ်လာသူက နိုင်ငံ့အခြေအနေ အရပ်ရပ်အပေါ် ပထမဆုံးအကြိမ် ထုတ်ပြောသွားတာပါ။
ဆီးရီးယားနိုင်ငံက တရားရေးစနစ်ကိုပါ ပြန်တည်ဆောက်ရဦးမှာ ဖြစ်သလို တရားဝင် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက်လည်း ပြီးပြည့်စုံတဲ့ လူဦးရေသန်းခေါင်စာရင်း လိုအပ်တယ်လို့ ဆိုပါတယ်။
အာဆတ်အစိုးရကို ဖြုတ်ချရာမှာ ဦးဆောင်မှုပေးခဲ့တဲ့ ဟာရတ် တရီယာ အယ်လ်ရှမ် (HTS) အဖွဲ့က အစ္စလာမ္မစ်နိုင်ငံတော် (IS) အပါအဝင် အယ်လ်-ကိုင်ဒါး လိုမျိုး အစွန်းရောက်အဖွဲ့တွေနဲ့ မဟာမိတ်ပြုကာ ဂျီဟတ်ဝါဒီ ဖြစ်ခဲ့ဖူးပါတယ်။
ဒါကြောင့် ကုလသမဂ္ဂနဲ့အတူ အနောက်နိုင်ငံအများစုက အယ်လ်-ရှာရာ ဦးဆောင်တဲ့ HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
မကြာခင် ကျင်းပဖို့ရှိနေတဲ့ အမျိုးသားအဆင့် ညီလာခံမှာ HTS အဖွဲ့ကို ဖျက်သိမ်းသွားမယ်လို့ အယ်လ်-ရှာရာက ပြောထားပေမဲ့လည်း အသေးစိတ်တော့ မသိရသေးပါဘူး။
တချိန်တည်းမှာပဲ လူမျိုးဘာသာပေါင်းစုံတည်ရှိရာ ဆီးရီးယားနိုင်ငံကို HTS အဖွဲ့က ဘယ်လိုအုပ်ချုပ်သွားမှာလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
၁၃ နှစ်ကြာ ပြည်တွင်းစစ်ကြီး အဆုံးသတ်ခဲ့ပြီးနောက် “ဆီးရီးယားနိုင်ငံ တဖန်စည်းလုံးစေရမယ်” ဆိုတဲ့ ကတိပေးချက်အတိုင်း ညီလာခံကနေတဆင့် အကောင်အထည်ဖော်နိုင်မလား ဆိုတာကို စောင့်ကြည့်ရဖို့ ရှိပါတယ်။
လွန်ခဲ့တဲ့အပတ်ကလည်း အာဆတ်အပေါ် ထောက်ခံသူတွေကို နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ရာမှာ လူ ၃၀၀ နီးပါး အဖမ်းခံခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Source : Reuters