ဆီးရီးယားခေါင်းဆောင်သစ် အာမက်အယ်လ်ရှာရာက လက်နက်ကိုင်အားလုံး နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေဟာ ဖျက်သိမ်းကြောင်း ကြေညာရမှာဖြစ်ပြီး တပ်မတော်ထဲကို ဝင်ရောက်ကြရမယ်လို့ ပြောကြားလိုက်ပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး တပ်မတော်သစ်ဖွဲ့စည်းဖို့ ညှိနှိုင်းပြီးရင် အဲဒီလိုလုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ဖြစ်၊ SDF ဧရိယာထဲမှာရှိနေတဲ့ အဖွဲ့ပဲဖြစ်ဖြစ် တိုင်းပြည်ထဲမှာ နိုင်ငံတော်ထိန်းချုပ်မှုပြင်ပမှာ လက်နက်တွေရှိနေမှာကို လုံးဝခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
SDF ဆိုတာ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ကို ဆိုလိုတာ ဖြစ်ပါတယ်။
အမေရိကန်က နောက်ခံပေးထားတဲ့ SDF အဖွဲ့ဟာ ဆီးရီးယားမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း နယ်မြေအများအပြားကို ထိန်းချုပ်ထားပါတယ်။
အိမ်နီးချင်း တူရကီကတော့ SDF ဟာ တူရကီမှာ တရားမဝင်ကြေညာထားတဲ့ ကာဒစ္စတန်အလုပ်သမားပါတီ (PKK) နဲ့ ချိတ်ဆက်မှုရှိတယ်လို့ ရှုမြင်ထားပါတယ်။
ဆီးရီးယားမှာ ကာ့ဒ်တပ်ဖွဲ့တွေ အားကောင်းလာရင် တူရကီထဲက ကာ့ဒ်ခွဲထွက်ရေး အင်အားစုတွေပါ အားကောင်းလာမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကာ့ဒ်မဟုတ်တဲ့ အခြားတော်လှန်ရေးတပ်တွေကို တူရကီက ကျောထောက်နောက်ခံပေးထားတာလည်း ဖြစ်ပါတယ်။
HTS တော်လှန်ရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်တဲ့ ဆီးရီးယားခေါင်းဆောင်သစ် ရှာရာကတော့ မျိုးနွယ်စုတွေ၊ လူနည်းစုတွေချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေမဖြစ်အောင် ကာကွယ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဆီးရီးယားဟာ အားလုံးအတူယှဉ်တွဲနေထိုင်နိုင်တဲ့ နိုင်ငံလည်း ဖြစ်ရမယ်လို့ ဆိုပါတယ်။
တူရကီနိုင်ငံခြားရေးဝန်ကြီး ဖီဒန်ကတော့ အမေရိကန်သမ္မတသစ်ဖြစ်လာမဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ NATO မဟာမိတ် တူရကီဘက်က ရပ်မလား၊ ကာ့ဒ်တပ်ဖွဲ့တွေဘက်က ရပ်မလားဆိုတာ ကောင်းကောင်း တွက်ချက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
Source : Reuters