အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့(CENTCOM) ဟာ ဆီးရီးယားနိုင်ငံ ဒေးရ်အက်ဇောပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာမှာ အဘူယူဆစ်ဖှ် အပါအဝင် ISIS တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်ကထုတ်ပြန်ခဲ့ပါတယ်။
အခုတိုက်ခိုက်မှုဟာ အရင်က ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်က ISIS ခေါင်းဆောင် အဘူယူဆစ်ဖှ် ခေါ် မာမွဒ်ကို ပစ်မှတ်ထားကာ တိကျတဲ့လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဆန့်ကွန်းမ် တပ်မှူး ဗိုလ်ချုပ်ကြီး မိုက်ကယ်လ် အဲရစ်ခ်ကူရိလာက ပြောပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ ISIS ဟာ ဆီးရီးယားရှိ အဆောက်အအုံတွေထဲမှာ လက်ရှိ ထိန်းသိမ်းခံထားရတဲ့ ISIS တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို အချုပ်အနှောင်မှ လွတ်မြောက်စေဖို့ ရည်ရွယ်ချက်ရှိနေကြောင်းနဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ဆီးရီးယားကို ပြည်ပမှ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းသူတွေ အပါအဝင် အိုက်ဆစ်ရဲ့ စစ်ဆင်ရေးတွေ၊ အဲဒီခေါင်းဆောင်တွေနဲ့ စစ်ဆင်ရေးထဲ ပါဝင်ပတ်သက်သူ မှန်သမျှကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထားသွားမယ် လို့လည်း ပြောဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုဟာ ဒေသတွင်းရှိ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆန့်ကွန်းမ်ရဲ့ ကတိကဝတ်ပြုမှုရဲ့ တစိတ်တပိုင်းအဖြစ် ဒေသတလွှားနဲ့ ဒေသပြင်ပတို့မှာ အမေရိကန်၊ ဒေသတွင်း မဟာမိတ်တွေနဲ့ မိတ်ဖက် နိုင်ငံတွေမှ အရပ်သားတွေ၊ စစ်ဘက်ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ဖို့အတွက် စီစဉ်၊ စုရုံး၊ ဆောင်ရွက်ဖို့ အကြမ်းဖက်သမားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှောင့်ယှက်ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ဟာ ISIS အဖွဲ့ ပြန်လည်သက်ဝင်လှုပ်ရှားလာမယ့်အချိန်ကို စိုးရိမ်နေတာဖြစ်ပြီး တူရကီ ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့တွေနဲ့ အမေရိကန်မဟာမိတ် ကာ့ဒ် ပြည်သူ့စစ်တို့ကြား နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲတွေကနေ ရှောင်ရှားချင်တာ ဖြစ်ပါတယ်။
ဆန့်ကွန်းမ်တပ်မှူး ကူရိလာကတော့ အရင်က ပြောထားဖူးသလိုပဲ ဒေသတွင်းမှာရှိတဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ISIS တွေကို ဆီးရီးယားရှိ လက်ရှိအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ ပြန်လည်ဖွဲ့စည်းဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူးလို့လည်း ပြောဆိုပါတယ်။
အခုလအစောပိုင်းမှာ ဆီးရီးယား တိုက်ခိုက်ရေးသမားတွေဟာ အာဆတ်အစိုးရကို ဖြုတ်ချပြီး မြို့တော် ဒမတ်စကတ်ကို သိမ်းပိုက်ခဲ့ပါတယ်။
အနောက်နိုင်ငံ အစိုးရတွေဟာ ဆီးရီးယားရှိ ဆွန်နီအစ္စလာမ္မစ်နိုင်ငံရေးနဲ့ အရန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ HTS အဖွဲ့နဲ့ သူ့ခေါင်းဆောင် အယ်လ်ကိုင်ဒါအဖွဲ့မှ တပ်မှူးဟောင်း အာမဒ် အလ်-ရှာရား တို့ကို လမ်းကြောင်းတွေ ဖြည်းဖြည်းချင်း ဖွင့်ပေးနေပြီး သူတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းကို ဖယ်ရှားဖို့ ရှိ၊ မရှိ အခြေအတင် စတင်ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။
ဖြုတ်ချခံ ဆီးရီးယားသမ္မတဟောင်း အာဆတ်ရဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွကတော့ ဆီးရီးယား မြို့တော် ဒမတ်စကတ်က အဆောက်အအုံတခုအပြင်ဘက်မှာ ဒီဇင်ဘာ ၂၁ ရက်က တန်းစီ စောင့်ဆိုင်းရင်း သူတို့ရဲ့ လက်နက်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်ဖြစ်နေတဲ့ ဟာယတ်တာရီအာ အယ်လ်ရှမ်း HTS အဖွဲ့ဝင်တွေရဲ့ ကြီးကြပ်မှုအောက်မှာ အခြေချရေးလုပ်ငန်းစဉ်တွေကိုလည်း စတင်လိုက်ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဆီးရီးယားနိုင်ငံသစ်မှာ အာဆတ်ရဲ့တပ်တွေကို ပြန်လည် ပေါင်းစည်းဖို့ ရည်ရွယ်တဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံတော် က ထုတ်ပေးထားတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို ပြန်ပေးခဲ့ပါတယ်။
ပါဝင်သူတွေဟာ သူတို့ရဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်နေချိန်မှာ ၃ လခံ ယာယီကတ်တွေကိုလည်း ရထားကြပါတယ်။
ရာဇ၀တ်မှုကင်းတဲ့ သူတွေကို သာမန်အရပ်သားဘဝ ပြန်လည်စတင်ခွင့်ပြုမယ်လို့ ဒုရဲမှူးကြီး ဝါလစ်အဘ်ဒူရာဘိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အနာဂါတ်ဟာ ခေါင်းဆောင်ရဲ့ အဆုံးအဖြတ်နဲ့ သက်ဆိုင်ပါတယ်၊ ငါတို့ရဲ့ သွေးမစွန်းတဲ့ သူတွေဟာ နိုင်ငံသားတိုင်းလိုပဲ ပုံမှန်ဘဝနဲ့ ဖြတ်သန်းမယ်၊ ဒါပေမဲ့ တရားဝင် တာဝန်ရှိတဲ့ သူတွေ နဲ့ အမှုတွဲ ရှိသူတွေအတွက်ကတော့ တရားစီရင်ရေးနဲ့ အရည်အချင်းရှိတဲ့ တရားရုံးတွေပေါ့လို့ သူက ပြောပါတယ်။
ဆီးရီးယားသူပုန်တွေဟာ ဒီဇင်ဘာ ၈ ရက်မှာ ဒမတ်စကတ်မြို့တော်ကို သိမ်းပိုက်ခဲ့ပြီး အာဆတ်က ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်ကနေ ထွက်ပြေးခဲ့ရလို့ အာဆတ်မိသားစုရဲ့ ၅၃ နှစ် ကြာ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
သူပုန်တွေရဲ့ ထိုးစစ်ဟာ ဒီနေ့ခေတ်ရဲ့ အကြီးမားဆုံး ဒုက္ခသည် အကျပ်အတည်းတွေထဲက တခုနဲ့ ပြည်သူ သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။
စစ်ပွဲကြောင့် မြို့တွေလည်း ပြားပြားဝပ် ပျက်စီးတဲ့အထိ ဗုံးကြဲခံခဲ့ရပြီး နိုင်ငံအစွန်အဖျားတွေမှာ လူသူကင်းမဲ့ ကုန်တဲ့အပြင် တကမ္ဘာလုံးက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခဲ့လို့ စီးပွားရေးလည်း ပျက်ယွင်းခဲ့ပါတယ်။
HTS ခေါင်းဆောင် အာမဒ်အယ်လ်ရှာရားရဲ့ ကွပ်ကဲမှုအောက်က တပ်တွေဟာ ဆီးရီးယား အနောက်မြောက်ပိုင်း အိဒလစ်ဘ်ပြည်နယ်မှာ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်နေတာ ၃ လကြာနေပြီ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်ပြည်သူ့စစ်တွေဟာ လက်နက်ဖြုတ်သိမ်းပြီး ဆီးရီးယားရဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့သစ်တွေနဲ့ ပူးပေါင်းရမယ်လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘောက်ထ်က ဒီဇင်ဘာ ၂၀ ရက်နေ့ တူရကီမြို့တော် အန်ကာရာမှာ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကာ့ဒ်လူမျိုးတွေရဲ့ လုံခြုံရေးဟာ လွတ်လပ်တဲ့ ဆီးရီးယားနိုင်ငံအတွက် မရှိမဖြစ်လိုအပ်တယ် ဒါပေမဲ့ တည်ငြိမ်မှုရတာ သေချာစေဖို့ တူရကီရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ကိုင်တွယ်ဖြေရှင်းရမယ်လို့ ဘယ်ယာဘောက်ထ်က ပြောပါတယ်။
ပြည်သူ့စစ်တွေကို နိုင်ငံတော်လုံခြုံရေးဖွဲ့စည်းပုံမှာ လက်နက်ဖြုတ်ပြီး ပေါင်းစည်းရမယ်လို့ သူက ပြောပါတယ်။
အမေရိကန်တပ်တွေနဲ့အတူ နှစ်အတန်ကြာအောင် တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံထဲက ကာ့ဒ် YPG ပြည်သူ့စစ်အဖွဲ့ဟာ တူရကီနိုင်ငံကို တိုက်ခိုက်နေတဲ့ PKK အဖွဲ့ရဲ့ ထပ်တိုးတပ်ဖွဲ့ဖြစ်ပြီး တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတဲ့အဖွဲ့လို့ တူရကီက ပြောပါတယ်။
ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ်အာဆတ် ကျရှုံးပြီးတဲ့နောက် အခုလအတွင်း တူရကီတပ်ဖွဲ့တွေနဲ့ ဆီးရီးယားမဟာမိတ်တွေဟာ YPG နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် အိမ်ပြန်လာတာကို လက်ရှိအချိန်မှာ ဆီးရီးယားနိုင်ငံအနေနဲ့ မကိုင်တွယ်နိုင်သေးကြောင်း နိုင်ငံတကာရွှေ့ပြောင်းအဖွဲ့ရဲ့ အထွေထွေဒါရိုက်တာ ပိုပီက ဆီးရီးယားက ပြန်လာပြီးနောက် ဂျီနီဗာ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဆီးရီးယားနိုင်ငံဟာ နေရပ်စွန့်ခွါသူတွေ အစုလိုက်အပြုံလိုက် ပြန်လာမှုကို ကိုင်တွယ်ဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။
ပိုပီက “မြေပြင်မှာ ဘာတွေ ဖြစ်နေလဲလို့ ကျမတို့ ကြည့်တဲ့အချိန် အိမ်ပြန်တဲ့ သူတွေ အရမ်းများတာတွေ့ရ ပါတယ်။ ဒါက တတိုင်းပြည်လုံးအတိုင်းအတာနဲ့ဆိုတော့ ကိုင်တွယ်ဖို့လည်း ခက်ပြီး ငြိမ်းချမ်းရေးအစီအစဉ်တွေနဲ့ လက်ရှိအခြေအနေတွေကို ထိခိုက်မှုတွေရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ အာဆတ်ပြုတ်ကျပြီးနောက် လက်ဘနွန်၊ ဂျော်ဒန်၊ အီရတ်၊ တူရကီ စတဲ့ နိုင်ငံတွေကို တိမ်းရှောင်နေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ ပြန်လာတာပဲဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် နိုင်ငံပြင်ပကို ထွက်ပြေးတိမ်းရှောင်တဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ တော်လှန်ရေးအဖွဲ့တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကတည်းက အိမ်ပြန်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။
Source: Reuters