Home
ဆောင်းပါး
အာဆတ် ညီမျှခြင်း မင်းအောင်လှိုင်
DVB
·
December 22, 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပြီးအပြတ် အလဲထိုးခံရခြင်း မရှိသေးတဲ့အချိန်မှာ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နပခကနေ ထွက်ပြေးကာ မင်းအောင်လှိုင် တပ်မတော်ကြီးက အရာရှိကြီးတွေရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းခဲ့တယ်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) က “မိမိအား လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန် တာဝန်ဝတ္တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ်ကောင်းစွာ စွန့်ပစ်ရင် စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်တဲ့အခါ သေဒဏ်ဖြစ်စေ၊ လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမယ်” လို့ ပြဋ္ဌာန်းထားတယ်။

ဇန်နဝါရီ ၄ ရက်တုန်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှာ စစ်သား ၂,၀၀၀ ကျော် လက်နက်ချ၊ လက်နက်ခဲယမ်းအများအပြား ကိုးကန့်တပ် MNDAA ထံ အလှူကြီးပေးပြီးနောက် လက်ဗလာနဲ့ စစ်တပ်ရင်ခွင် ပြန်ဝင်ခဲ့စဉ်တုန်းက လက်နက်ချအကြီးအမှူး ဗိုလ်မှူးချုပ် ၃ ဦးကို စစ်ကောင်စီက သေဒဏ်ချခဲ့ဖူးပေမဲ့ သူ့ဘာသာ သေဒဏ်မကလို့ ဘာကြီးလာလာ လောလောဆယ် ကိုယ့်အသက်မသေဖို့က အရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ ကျော်ကျော်သန်း ထွက်ပြေးခဲ့တဲ့ပုံ။

ဒါပေမဲ့ ကံဆိုးချင်တော့ နပခအနီးက တောထဲ AA စစ်ကြောင်းနဲ့ တည့်တည့်တိုးကာ အပစ်ခံရပြီး သေဆုံးခဲ့လေတော့ စစ်ဗိုလ်ချုပ်တွေရဲ့ ရာဇဝင်မှာ ပြေးစရာရှိရင်တော့ ပြေးမှာပဲလို့ အသက်နဲ့ရင်းကာ ကျော်ကျော်သန်း သက်သေပြသွားခဲ့တယ်လို့ပဲ ဆိုရတော့မယ်။

သတင်းတွေက နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းတို့ နိုဝင်ဘာကတည်းက ထွက်ပြေးသွားကြပြီလို့ ဆိုတယ်။ အဲဒီနှစ်ယောက်က အခြေအနေမဟန်တော့လို့ နပခကို ကျော်ကျော်သန်းလက်ထဲ ထိုးထည့်ကာ ပြေးသွားကြတဲ့အပေါ် ကျော်ကျော်သန်းက ရမလားလို့ လူစွမ်းကောင်းကြီးလုပ်ကာ ဆက်ခုခံရင်း မဟန်တော့မှ ပြေးတာလည်း ဖြစ်နိုင်တယ်။

ဒီဇင်ဘာ ၁၄ ရက်မှာ တောင်ကုတ်မြို့ရဲ့ နောက်ဆုံးလက်ကျန် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကို AA သိမ်းလိုက်တော့လည်း စစ်သားတွေက ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဘက် ထွက်ပြေး။ နိုဝင်ဘာ ၂၀ ရက်၊ ကချင်ပြည်နယ်၊ ကန်ပိုင်တီမြို့ကို ကေအိုင်အေ သိမ်းပိုက်ခဲ့စဉ်ကလည်း တရုတ်ပြည်ထဲ ဝင်ပြေးကြတဲ့ စစ်သားတွေက ရာနဲ့ချီ။ မင်းအောင်လှိုင်တပ်သားတွေရဲ့ ပြေးချက်က အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်မပြေးဘူးတာဆိုလို့ လာအိုတနိုင်ငံတည်းသာ ကျန်တော့တဲ့အထိ။ ရန်သူကို နိုင်အောင်တိုက်မယ်၊ အသေခံတိုက်မယ်ဆိုတဲ့ စစ်သားကောင်းတို့ရဲ့ ဝိညာဉ် ပျောက်ဆုံးနေပြီဖြစ်တဲ့ မင်းအောင်လှိုင်တပ်။

မင်းအောင်လှိုင်တပ်ရဲ့ ပြေးသတင်းတွေကို ကြားနေရတော့ နိုဝင်ဘာ ၂၅ ရက်၊ ရေတာရှည်မြို့နယ်ထဲက ပဲခူးရိုးမတနေရာမှာ ကျဆုံးသွားတဲ့ ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း တပ်ရင်းမှူး ရဲဘော်အောင်ဟိန်းဖြိုးရဲ့ အသေခံစိတ်ဓာတ်ကို သတိရမိတယ်။ အဲဒီနေ့က အင်အားများတဲ့ စစ်တပ်နဲ့ အလစ်အငိုက်တွေ့ဆုံစဉ် “မင်းတို့လွတ်အောင်ဆုတ်၊ ငါခံပစ်မယ်၊ ဒါအမိန့်” ဆိုပြီး သူ့ရဲဘော် PDF တွေကို ဆုတ်ခိုင်းကာ တကိုယ်တော်ကာပစ်ရင်း ကျဆုံးသွားတဲ့ PDF တပ်ရင်းမှူး။ ထားတော့။

ဘယ်လိုပဲဖြစ်ဖြစ် စစ်သားတွေ ဘယ်လောက်ပြေးပြေး၊ မြို့တွေဘယ်လောက်ပြုန်းပြုန်း၊ တိုက်ပွဲတွေ ဘယ်လိုရှုံးရှုံး မင်းအောင်လှိုင်ကတော့ အပြုံးမပျက်၊ ပွဲလမ်းသဘင်တွေ တက်မပျက်။ ရခိုင်မှာ တမြို့ပြီးတမြို့၊ တတပ်ပြီးတတပ် ပြိုနေပျက်နေပေမဲ့ ဒီဇင်ဘာ ၉ ရက်မှာ မင်းအောင်လှိုင်နဲ့ သူ့မယား အမျိုးသားအားကစားပွဲတော်တက်ကာ အလံတွေဘာတွေ ဝှေ့ယမ်းမပျက်တာကြောင့် စစ်လော်ဘီတွေကြားမှာတောင် ပေါက်ကွဲဆ ပြင်းလာကြတယ်။

အခုဆိုရင် AA သိမ်းထားတဲ့ မြို့တွေက ရခိုင်မှာ ၁၂ မြို့နဲ့ ပလက်ဝ။ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ် ထိန်းချုပ်ထားနိုင်တာဆိုလို့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်သာ ကျန်တော့တယ်။ အဲဒီလို အရှုံးပေါ်အရှုံး ထပ်နေပေမဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်က AA အပါအဝင် တော်လှန်ရေးတပ်တွေ လက်နက်စွန့်ကြဖို့ ထပ်ပြောနေပြန်တော့ မင်းအောင်လှိုင်ရဲ့ အတည်ပေါက် ဇာတ်ဝင်ခန်းက အရူးတပိုင်း ဖျားလောက်ဖွယ်။

မင်းအောင်လှိုင်က စစ်နိုင်နေသူကြီးပမာ နိုင်ငံရေးဆွေးနွေးချင်ရင် လက်နက်ချကြ။ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ ကူမင်းမှာ တွေ့တုန်းက မင်းအောင်လှိုင် ပြောခဲ့ဖူးသလို ညီနောင် ၃ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသလာမှ နိုင်ငံရေးဆွေးနွေးမယ် ဆိုတာမျိုး။ အောက်ကလည်းနေသေး၊ ကြောက်ပြီလားလို့လည်း မေးနေသေးတဲ့ မင်းအောင်လှိုင်။

အဲဒီလို မင်းအောင်လှိုင်ဆိုတော့ စစ်သားတွေ သောက်သောက်လဲ သေနေတာလည်း ဘာအရေးလဲ။ လူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲသွင်းဖို့ စစ်မှုထမ်းဥပဒေဆိုတာကြီးကို အတည်ပြုခဲ့ပြီးသား။ အဲဒီစစ်မှုထမ်းဥပဒေကြီးက လူငယ်လေးတွေကို တလနဲ့ ရက် ၂၀ သင်တန်းပေးကာ ရှေ့တန်းပို့ အသေခံခိုင်းလို့ရတဲ့ စစ်သားထုတ်စက်မဟုတ်လား။ အဲဒီစစ်သားထုတ်စက်ကြီးက အခု စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစုဆောင်းရာမှာ တော်တော့်ကို ဂျန်းဖြစ်လာပုံရတယ်။ လူငယ်တွေက စစ်တပ်ထဲ မဝင်ရရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားနေကြလေတော့ အခု နိုဝင်ဘာလကစလို့ ဆွဲလိုက်တဲ့ပေါ်တာတွေမှ သောက်သောက်လဲ။ သတင်းပေ့ချ်တွေကို ဖွင့်ကြည့်လိုက်ရင် ခရီးသွားနေတဲ့လူငယ်တွေ ကားပေါ်ကဆွဲချခံရတာ၊ အိမ်အပြန်လမ်းပေါ်မှာ အရပ်ဝတ်တွေနဲ့ ကားပေါ်ဆွဲတင်သွားတာ။ ရန်ကုန်မြို့လိုနေရာတွေမှာတောင် ညဦးပိုင်း ၈ နာရီခွဲဝန်းကျင် ကားလမ်းမနံဘေး အသုပ်ထိုင်စားနေတာတောင် အဆွဲခံလိုက်ရ။ မော်လမြိုင်မြို့ပေါ်မှာ တခြားဒေသက လာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ပစ်မှတ်ထားကာ ပေါ်တာဆွဲမယ်တဲ့။ ပြည်မြို့စွန် လက်လုပ်လက်စားများတဲ့ ရပ်ကွက်တွေက အိမ်တွေထဲ စစ်တပ်က ဝင်ဖမ်းတာ ၄၀၊ ၅၀ အရွယ် အမျိုးသားတွေလည်း မချန်တာကြောင့် လယ်ကွင်းတွေထဲ သွားအိပ်သူအိပ်ကြ။  မန္တလေးသပိတ်အင်အားစုရဲ့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်၊ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ မန္တလေးမြို့နယ် ၇ ခုမှာ ပေါ်တာဆွဲခံရတာ စုစုပေါင်း ၁၂၅ ဦး။ ဒီဇင်ဘာပထမပတ်အတွင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ခရီးသွားပြည်သူ ၄၀ လောက်ကို စစ်တပ်က ဖမ်းပြီး တယောက်ကို နှစ်သိန်းနဲ့ ပြန်ရွေးခိုင်းတယ်လို့လည်း သိရ။

သတင်းတွေကို ပြန်စုစည်းကောက်ချက်ချကြည့်တော့ စစ်တပ် ပေါ်တာဆွဲခြင်းရဲ့ အဓိကအချက်က ပြန်ပေးဆွဲ ငွေညှစ်တာ။ ပြန်ပေးဆွဲခံရသူတွေကို ဒေသအလိုက် ငွေ ၁၀ သိန်းကျော်ကနေ သိန်း ၇၀ အထိ ရရင်ရသလို တောင်းရမ်းကြတာ တွေ့ရတယ်။ ငွေပေးပြီး မရွေးနိုင်တဲ့သူတွေကိုကျတော့ စစ်မှုထမ်းအငှားဈေးကွက်ထဲ ပစ်သွင်းကာ ပြန်ရောင်းစားလို့ ရပြန်တာကြောင့် ငွေရတာပဲ။

စစ်မှုထမ်းအငှားဈေးကွက်က တချို့ဒေသမှာ လူတဦးကို သိန်း သုံးလေးဆယ်။ တချို့နေရာမှာကျ သိန်း ၇၀ လောက်အထိ အစားစား။ အဲဒီပိုက်ဆံကို ဘယ်သူတွေက ကျခံရတာလဲဆိုတော့ စစ်မှုမထမ်းလိုသူ လူငယ်တွေရဲ့ မိသားစုနဲ့ ဒေသအလိုက် အဓမ္မခွဲတမ်းချခံရတာကြောင့် အဲဒီဒေသက ပြည်သူတွေ အချိုးကျ ထည့်ဝင်ရတဲ့ငွေ။

လွန်ခဲ့တဲ့ ၃ လလောက်က ရန်ကုန်၊ လှိုင်မြို့နယ်ထဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူတယောက်၊ အုပ်ကြီး မဖြစ်ခင်က တသိန်းခွဲတန်တိုက်ခန်း ငှားနေရာကနေ အုပ်ကြီးဖြစ်ပြီး ၃ လအကြာ ၅ သိန်းခွဲတန်အခန်း ငှားနေနိုင်တဲ့အထိ စစ်မှုထမ်းဥပဒေက အကျိုးပြုနေတယ်လို့ သိရတယ်။ သူ့ရပ်ကွက်ထဲက စစ်မှုထမ်းအကျုံးဝင် လူငယ်တွေစာရင်း ဘုတ်အုပ်ကြီးတအုပ် ပြုစုထားတယ်။ အဲဒီလူငယ်တွေကို သူ့အိမ်ခေါ်ပြီး မင်းဘာလုပ်မှာလဲ၊ စစ်ထဲလိုက်မှာလား၊ ပိုက်ဆံပေးမလားလို့ တည့်တည့်ပဲ မေးခွန်းထုတ်လိုက်တယ်။ သူတို့လို အုပ်ကြီးတွေကို နယ်မြေခံစစ်တပ် အပွင့်အခက်တွေက ကျောထောက်နောက်ခံပြုထားတာမို့ တည့်တည့်ပဲ မေးရဲကြတယ်။ စစ်မှုထမ်းဥပဒေက အဲဒီလို စစ်အုပ်စုဝင်တွေအတွက် ခပ်လို့မကုန်နိုင်တဲ့ ငွေတွင်းကြီးမို့ မစင်ပုံပေါ် အုံနေတဲ့ ယင်ကောင်တွေပမာ။ စစ်ကောင်စီက အဲဒီလို ငွေပုံပေါ် ဖင်ခုထိုင်ခိုင်းထားလေတော့ စစ်ကောင်စီ အဓွန့်ရှည်ရေးအတွက် အသက်မပေးနိုင်တာကလွဲလို့ ဘာပဲလုပ်ရလုပ်ရလေ ဆိုတဲ့ ငနဲတွေက ရွစိတက်လို့။

စစ်ကောင်စီက သူ့အာဏာတည်မြဲရေးအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပါ ဖျက်ဆီးပစ်လိုက်တယ်။ မြန်မာပြည်သူတွေ တယောက်မှ မထောက်ခံလည်း ဂရုမစိုက်၊ တယောက်မှမကျန်အောင် သတ်ရမယ်ဆိုလည်း သတ်ဖို့ရာ အသင့်။ မင်းအောင်လှိုင်ဆိုတာ ငါးပြားတစေ့တောင် အလျှော့မပေး။ နောက်ဆုံး ဆီးရီးယားအာဏာရှင် ဘာရှား အယ်လ် အာဆတ်လို ရုရှားပြေးချင် ပြေးမယ်၊ လျှော့မှာတော့ မဟုတ်ဘူးဆိုတဲ့ အစား။ မြို့တွေ အသိမ်းခံရတော့ ဘာဖြစ်လဲ။ တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့မြို့တွေမှာ ပြည်သူတွေ မနေနိုင်အောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မယ်၊ မစားရတဲ့အမဲ သဲနဲ့နာနာ ပက်ပြမယ်ဆိုတဲ့ မင်းအောင်လှိုင်။

သူရွေးချယ်ထားတာ တလမ်းတည်းရှိတယ်။ အလုံးစုံပျက်သုဉ်းရေး။ အာဏာရှင်တွေကို ဖယ်ရှားပစ်ဖို့ရာ နည်းလမ်းတခုတည်းသာ ရှိကြောင်း အခု ဆီးရီးယားက ကမ္ဘာကြီးကို သက်သေပြလိုက်တယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024