Home
ဆောင်းပါး
စစ်ဒွန်းစဏ္ဍားက ရာရာစစ ပြည်တန်ပတ္တမြားကို တက်ကိုင်မတဲ့လား
DVB
·
December 14, 2024
Design: DVB

နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပကြတယ်ဆိုတာ တတိုင်းပြည်လုံးမှာ အေးချမ်းသာယာနေပြီး ပြည်သူပြည်သားတွေအတွက် စားဝတ်‌နေရေးဖူလုံ၊ အလုပ်အကိုင်တွေ ရှိကြပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ၊ ခရီးသွားလာရေးမှာလည်း ဘဝလုံခြုံမှုရှိလို့ နိုင်ငံရေး တည်ငြိမ်နေတဲ့ အခါမျိုးမှာသာ ပြည်သူလူထုကိုယ်စား ယာယီ ၅ နှစ်တာ အုပ်ချုပ်စီမံမယ့် အစိုးရတရပ်ကို ရွေးချယ်ပေးဖို့ ကျင်းပကြရတာဖြစ်တယ်။

ဒီတော့ နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲဆိုတာ ပြည်တန်ပတ္တမြားတလုံးသဖွယ် တန်ဖိုးကြီးမား အလေးထားကြရပါတယ်။ ပြည်သူလူထုရဲ့ အသဲကြားက မဲပြားတွေနဲ့ ရွေးချယ်လို့ ထွက်ပေါ်လာမယ့် အရည်အချင်းပြည့် သိက္ခာရှိတဲ့ ပြည်သူ့အစိုးရတရပ်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက် ချမ်းသာအောင် ဆောင်ကြဉ်းပေးနိုင်တာမို့ ပြည်တန်ပတ္တမြားလို့ တင်စားရခြင်း ဖြစ်ပါတယ်။

တကယ်တော့ ပြည်တွင်းစစ်မီးတောက်မီးလျှံကြီး အရှိန်တညီးညီး လောင်ကျွမ်းနေတဲ့ကြားမှာ တိုင်းပြည်ကို ၂၀  ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်တော့တဲ့ အာဏာလုစစ်ဓားပြတွေက မိုးလားကဲလား ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဒွန်းစဏ္ဍားက ပြည်တန်ပတ္တမြားကို ရယူပိုင်ဆိုင်ပြမယ်လို့ မတန်မရာ ပြောနေသလိုမျိုးပါပဲ။

တရုတ်နိုင်ငံမကလို့ အမေရိကန်နိုင်ငံက ထောက်ခံလာလည်း ပြည်သူအများစုလက်မခံ မထောက်ခံတဲ့ ရွေးကောက်ပွဲအတုဟာ ဘယ်လိုနည်းနဲ့မှ တရားဝင်လာမှာ မဟုတ်ပါဘူး။ ဒီစစ်ကျွန်ရွေးကောက်ပွဲကို ပါဝင်ဝိုင်းရံ ထောက်ခံသူတိုင်းဟာ နောင်တချိန်မှာ ပြည်သူ့ခုံရုံး အတင်ခံရမယ့် သမိုင်းတရားခံ ဖြစ်လာမှာပါပဲ။

ဒီနေရာမှာ အင်္ဂလိပ်လို Legitimacy မြန်မာလိုပြန်ရရင် တရားဝင်မှု ဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ် ရေးပြချင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ အရွေးချယ်ခံရတဲ့ အစိုးရတရပ်ဟာ တရားဝင်မှု Legitimacy ရှိမရှိ ဆိုတာကို အောက်ပါအချက်တွေနဲ့ တိုင်းတာနိုင်ပါတယ်။

၁။ တရားမျှတသော ဥပဒေများနဲ့ ညီညွတ်မှု (Conformity to the Law)၊

၂။ မဲဆန္ဒရှင်စာရင်းအင်းအချက်အလက် မှန်ကန်မှု (Accuracy of Voting List)၊

၃။ လွတ်လပ်စွာမဲပေးခွင့်ရှိမှု (Freedom for Voting)၊

၄။ ပွင့်လင်းမြင်သာမှု (Transparency)၊

၅။ ငြင်းခုံစရာမဲ့ မဲရလဒ် (Undisputed Election Results)၊

၆။ တိုင်းသူပြည်သားအများစု၏ အသိအမှတ်မှု (Internal Acceptance)၊

၇။ နိုင်ငံတကာအသိုက်အဝန်းမှ အသိအမှတ်ပြု (International Acceptance)၊

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်ထားတဲ့ မဲရလဒ်အဖြေကို မဟုတ်မမှန် လိမ်ညာစွပ်စွဲပြီး အာဏာလုခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းဟာ  အပေါ်မှာရေးပြခဲ့တဲ့ တရားဝင်မှု Legitimacy မျိုး တချက်နဲ့မှ မကိုက်ညီမဲ့ ကလိမ်ကကျစ် ဇွတ်ကျင်းပမယ့် ၂၀၂၅ စစ်ကျွန်ရွေးကောက်ပွဲ ဆိုတာဟာ ဂုဏ်သိက္ခာမဲ့ သေနတ်ပြောင်းရှေ့မှာ ကျင်းပမယ့် လုပ်ဇာတ် ရွေးကောက်ပွဲကြီးဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

မကျင်းပခင်မှာကို ပြည်တွင်းက ပြည်သူအများစုသာမက ပြည်ပနိုင်ငံအများစုကပါ တရားမဝင်ဘူးလို့ ကြိုတင်သတ်မှတ်ခံထားရတဲ့ တရားမဝင် ရွေးကောက်ပွဲကနေ ဇာတ်သိမ်းမြန်မယ့် စစ်အာဏာရှင်တပိုင်း တရားမဝင်အစိုးရအတုတရပ်ပဲ ထွက်ပေါ်လာပြီး အချိန်တိုတိုနဲ့ ဇာတ်သိမ်းပြီး သမိုင်းအမှိုက်ပုံကြီးထဲ ကျ‌ရောက် ပျောက်ကွယ်သွားရမှာပဲ ဖြစ်ပါတယ်။

စစ်ဓားပြအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခင်ရီက တနိုင်ငံလုံး အတိုင်းအတာနဲ့ စာရင်းစစ်၊ စာရင်းကောက်အင်အား ၄၂,၀၀၀ ခန့်တို့   ကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြု ကောက်ယူနိုင်ရေး အသေးစိတ် စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမယ်တို့ ဘာညာနဲ့ အကြောင်းပြကောင်းရုံ လေကြီးဖင်ကျယ် ပြောနေပေမဲ့ တကယ်တမ်းမှာ တနိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံတောင် မကောက်နိုင်ဘဲ ပါးစပ်ထဲက မဲစာရင်းအတုတွေ ထွက်လာမှာ ၁၀၀% ဖြစ်ပါတယ်။

ဘာကြောင့်လို့လဲဆိုတော့ တနိုင်ငံလုံးရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး နယ်မြေစုစုပေါင်း ၁၅ ခု ရှိရာမှာ ပြည်နယ် ၇ ခုအနက် မဲစာရင်းကောက်ယူလို့ မရနိုင်တဲ့ ပြည်နယ်က ၅ ခု (ကချင်၊ ကရင်၊ ကယား၊ ချင်းနဲ့ ရခိုင်ပြည်နယ်) ရှိပြီး ကျန်တဲ့ မွန်ပြည်နယ်ဆို မြို့နယ်တချို့သာ ကွက်ကျား ကောက်နိုင်ပြီး ရှမ်းပြည်နယ်ဆို ရှမ်းမြောက်တခုလုံး သန်းခေါင်စာရင်း မကောက်နိုင်သလို ရှမ်းပြည်တောင်ပိုင်းတောင်မှ မြို့နယ်တချို့မှာသာ ကောက်နိုင်မှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့‌ နေပြည်တော်နယ်မြေ ၈ ခုအနက်မှာလည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီးတွေရဲ့ နယ်မြေအတော်များများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF တွေ၊ ပကဖ LDF တွေ၊ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားတာမို့ သန်းခေါင်စာရင်း ကောက်ဖို့နေနေသာသာ စစ်သားတွေ လက်ဖက်ရည်ဆိုင်မထိုင်ရဲ၊ ဈေးမသွားရဲဘဲ တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေထဲ၊ ဘန်ကာတွေထဲ ပုန်းခိုနေကြရတာ အားလုံးအသိ ဖြစ်ပါတယ်။

စစ်ဓားပြဂိုဏ်း ကျီးလန့်စာစား အုပ်ချုပ်နိုင်တာဆိုလို့ နေပြည်တော်နယ်မြေ၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးက အစိတ်အပိုင်းအချို့သာ သန်းခေါင်စာရင်းအတုကို ဟန်ပြလောက်ကောက်ပြီး တကမ္ဘာလုံးကို ဗြောင်လိမ်ဖို့ အရှက်မရှိဘဲ ရွေးကောက်ပွဲ အတုအယောင် လုပ်ပြဦးမှာ ဖြစ်ပါတယ်။

တရားဝင်အစိုးရဖြစ်ချင်တာ တပိုင်းသေနေတဲ့ စစ်ဓားပြဂိုဏ်းဟာ ၂၀၂၅ မှာ အထွေထွေ ရွေးကောက်ပွဲတခု ထပ်မံကျင်းပဖို့ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ပေမဲ့ တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ် ၂၃၃ ခုထက်မနည်း တိုင်းပြည် ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်မှာ ပြည်တွင်းစစ်ကြီး တောက်လောင်နေတာမို့ စစ်ဘေးဒုက္ခသည် ၃ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေရုံသာမက ပြည်သူ ၂၁,၁၅၈ ဦးဟာ အချုပ်‌ထောင်တွေထဲမှာ ထိန်းသိမ်းခံနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေကြီး ရေလျှံမှုမှာလည်း ပြည်သူ ၄၀၀ ကျော် သေဆုံး၊ အယောက် ၁၀၀ ထက်မနည်း ပျောက်ဆုံးခဲ့ရပြီး ရေဘေးသင့် ပြည်သူ ၁ သန်းကျော် ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံလို့ ဒုက္ခပင်လယ်ဝေနေရချိန်မှာ ယုတ်မာပက်စက်စွာ သန်း‌ခေါင်စာရင်းကောက်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ စစ်မှုထမ်းဥပဒေရန်က လွတ်ဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးဆင်းရဲကြတာမို့ ပြည်ပကို တရားဝင်ရော၊ တရားမဝင်ပါ အလုပ်ထွက်လုပ်နေရတဲ့ မြန်မာနိုင်ငံသား‌ ၁၀ သန်းကျော် ၁၅ သန်းနီးပါး ရှိနေတဲ့အချိန်မှာ ကောက်ခံရရှိခဲ့တဲ့ သန်းခေါင်စာရင်းအတုကို စစ်ဓားပြတွေဟာ ဒီဇင်ဘာလထဲမှာ လိမ်လည်ထုတ်ပြန်လာဦးမှာ ဖြစ်ပါတယ်။

ဖြတ်ညှပ်ကပ် စာရင်းအင်း အလိမ်တွေပြ၊ သေနတ်တွေနဲ့ချိန်ထားပြီး တပြည်လုံးအတိုင်းအတာနဲ့ မဲပေးနိုင်တဲ့ လူဦးရေစာရင်း ဘယ်နှစ်သန်း ကောက်ယူရရှိပါတယ်၊ ဘယ်နှစ်ရာခိုင်နှုန်း ကောက်ယူနိုင်တာမို့ ဆင်ခြေအမျိုးမျိုးပေးပြီး အထွေထွေရွေးကောက်ပွဲလုပ်ဖို့ လုံလောက်တဲ့ သန်းခေါင်စာရင်း ဖြစ်ပါကြောင်း ရိုးရာမပျက် အရှက်မဲ့စွာ ထုတ်ပြန်ပါလိမ့်ဦးမယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် မြန်မာစကားမှာ ငွေတပဲနဲ့ ငါးကြင်းခေါင်းကိုင် ဆိုတဲ့ အသုံးအနှုန်းလိုပါပဲ၊ နိုင်ငံတော်အာဏာလုယူထားတဲ့ စစ်ဓားပြ မင်းအောင်လှိုင်တို့ မကောင်းဆိုးဝါးတအုပ်ဟာ ကိုယ်စွမ်းကိုယ်စမရှိ၊ ပြည်သူကလက်မခံဘဲ အုပ်ချုပ်သူအစိုးရ ဇွတ်လုပ်ဖို့ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး ကလိမ်ကကျစ် တရားဝင်မှုလိုချင်တဲ့ ဒွန်းစဏ္ဍားတယောက် ပြည်တန်ပတ္တမြားကို မတန်မရာ တက်ကိုင်တာနဲ့ တူလှပါတယ်။

တရားမဝင် အာဏာယူထားတဲ့ စစ်အာဏာရှင်အစိုးရရဲ့ လုံးဝမတိကျတဲ့ သန်းခေါင်စာရင်းအတုနဲ့ ပြည်တွင်းပြည်ပက လက်မခံတဲ့ ရွေးကောက်ပွဲအတုကို ကျင်းပပြီး ထုတ်ပြန်လာမယ့် မဲရလဒ်အတုဟာ သိက္ခာမဲ့အစိုးရအတုကိုသာ ဖန်တီးပေးနိုင်မှာဖြစ်တာမို့ သမိုင်းဆိုး တွင်ကျန်ရစ်မယ့် ၂၀၂၅ စစ်ကျွန်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ စစ်ဓားပြဂိုဏ်းနဲ့အတူ ပါဝင်ရပ်တည် ပူးပေါင်းကူညီကြတဲ့ နိုင်ငံရေးစားဖားပါတီတွေ၊ ဝန်ထမ်း အဖွဲ့အစည်း လူပုဂ္ဂိုလ် အားလုံးဟာ ပြည့်ရန်သူစာရင်းဝင်၊ စစ်ရာဇဝတ်ကောင်အားပေး အမှုတွဲတွေအဖြစ် သမိုင်းဝင်ပါကြောင်း ထပ်လောင်းအသိပေး ရေးသားရှုတ်ချလိုက်ပါတယ်။

မင်းကောင်းချစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013