Home
ဆောင်းပါး
ဆီးရီးယား တော်လှန်ရေးအောင်ခြင်း (၈) ပါး
DVB
·
December 13, 2024
Design_DVB

ဆီးရီးယားမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ်ပြုတ်ကျသွားပြီး တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်အစိုးရတောင် ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ တော်လှန်ရေးဟာ အာဏာရှင်ကို ဖြုတ်ချတဲ့အဆင့်အပြီး ပြန်လည်ထူထောင်ရေးအဆင့်ကို ဖြတ်သန်းနေပြီဖြစ်ပေမဲ့ မျှော်လင့်ချက်တွေ ရှိနေသလို စိန်ခေါ်မှုတွေ၊ မရေရေမှုတွေကလည်း များကြီးရှိနေဆဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ကို ဖြုတ်ချတဲ့အဆင့်မှာ ဆီးရီးယားတော်လှန်ရေး ဘာကြောင့် အောင်မြင်ခဲ့သလဲ၊  ဒီတော်လှန်ရေးကနေ ဘာတွေသင်ခန်းစာယူနိုင်သလဲ၊ ဆီးရီးယာသင်ခန်းစာအဖြစ် တော်လှန်ရေးအောင်မြင်ခြင်းရဲ့ အကြောင်းတရား ၈ ပါး၊ တနည်းပြောရရင် တော်လှန်ရေးအောင်ခြင်း ၈ ပါး အကြောင်းဖြစ်ပါတယ်။

(၁) အခါတော်ရွေးနိုင်ခြင်း

၁၃ နှစ်ကြာတဲ့ တော်လှန်ရေး ၁၂ ရက် ထိုးစစ်နဲ့ အပြီးသတ်သွားတဲ့အထဲမှာ အရေးပါဆုံး အချက်တွေထဲက တချက်ကတော့ အခါတော်ရွေးနိုင်တာ ဖြစ်ပါတယ်။ နေ့ရက်ပြက္ခဒိန်တွေ၊ ဂြိုဟ်သွားဂြိုဟ်လာတွေကို ကြည့်ပြီး နေ့ကောင်းရက်သာ၊ အခါကောင်း ရက်ရာဇာရွေးတာမျိုးတော့ မဟုတ်ပါဘူး။

အာဏာရှင်သမ္မတ အာဆတ်ရဲ့ စစ်တပ် စိတ်ဓာတ်ပျက်ပြားနေချိန်၊ မောပန်းနေချိန်၊ သူ့အဓိက မဟာမိတ်တွေဖြစ်တဲ့ အီရန်နဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့တွေ အစ္စရေးနဲ့ ပဋိပက္ခကြောင့် ဆိုးဆိုးရွားရွား အားနည်းသွားချိန် အဓိက စစ်ဘက်ရေးရာထောက်ပံ့သူ ရုရှား အာရုံများပြီး ဆီးရီးယားအရေး စိတ်မဝင်စားနိုင်ဖြစ်နေချိန်မှာ အချိန်ကိုက်လှုပ်ရှားခဲ့ကြတာပါ။ အာဆတ်အားအနည်းဆုံးအချိန်မှာ တော်လှန်ရေးတပ်တွေက ပွဲပြီးအောင် တိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အာရပ်နွေဦး လူထုအုံကြွမှုကြီးကနေ ဆက်စပ်ဖြစ်ပေါ်လာခဲ့တဲ့ ဆီးရီးယား လူထုဆန္ဒပြပွဲကြီးတွေကနေ လက်နက်ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲသွားခဲ့အပြီးမှာ ၂၀၁၇ မတိုင်မီအထိ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း တော်တော် ငြိမ်သက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ချိန်မှာ အရှေ့အလယ်ပိုင်းရဲ့ စစ်တုရင်ခုံဟာ ကပြောင်းကပြန် လန်သွားခဲ့တာဖြစ်ပါတယ်။

အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဟာ အစ္စရေးနဲ့ စစ်ဖြစ်နေချိန်မှာ သူ့ထိပ်တန်းတပ်ဖွဲ့အများစုကို ဆီးရီးယားကနေ ပြန်ရုပ်သိမ်းခဲ့တာဟာ တော်လှန်ရေးတပ်ပေါင်းစုအတွက် မဟာအခွင့်အရေး ဖြစ်လာခဲ့ပါတယ်။ ဥရောပမှာလည်း ယူကရိန်း ကျူးကျော်စစ် ကြာညောင်းလာတာနဲ့အမျှ ရုရှားစစ်တပ်ဟာ လက်နက်၊ လူသူ၊ ရင်းမြစ်ပိုင်း အကန့်အသတ်ရှိလာခဲ့ပါတယ်။  အာဆတ်အစိုးရနဲ့ သူတို့ကြားမှာ မျှတတဲ့ တိုက်ပွဲတခု ဖော်ဆောင်ချင်တဲ့ ဆီးရီးယားတော်လှန်ရေးတပ်တွေရဲ့ အိပ်မက် တကယ်ဖြစ်လာခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အခါတော်ရွေးနိုင်ခြင်း၊ အချိန်ခါကောင်းကို အသုံးချနိုင်ခြင်းဆိုတာ တော်လှန်ရေးအောင်မြင်ရာ အကြောင်းတရားမှာ ပထမဆုံးအချက်လို့ ဆိုရတာ ဖြစ်ပါတယ်။

(၂) ပထဝီနိုင်ငံရေးနားလည်ခြင်း

ဆီးရီးယားပြည်တွင်းစစ်ဟာ အစိုးရနဲ့ သူပုန်တိုက်တယ်ဆိုတာထက် ပိုရှုပ်ထွေးပါတယ်။ အင်အားစုတွေ အများကြီးရှိနေပါတယ်။ နောက်က ပံ့ပိုးသူတဲ့ အင်အားကြီးနိုင်ငံတွေလည်း အများကြီးပါဝင်ပါတယ်။ လူဦးရေ ၂၅ သန်းလောက်ရှိတဲ့ ဆီးရီးယားဟာ မြေထဲပင်လယ် အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ မြောက်ဘက်မှာ တူရကီ၊ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ဘနွန်နဲ့ အစ္စရေး၊ အရှေ့ဘက်မှာ အီရတ်၊ တောင်ဘက်မှာ ဂျော်ဒန်နဲ့ ထိစပ်နေပါတယ်။

ဆီးရီးယား အာဏာရှင်အာဆတ်အစိုးရကို အိမ်နီးချင်း အီရန်က ထောက်ပံ့ပေးတဲ့ ဟစ်ဇ်ဘိုလာတွေနဲ့ နိုင်ငံတွင်းမှာ ဆိုဗီယက်ခေတ်ကတည်းက အခြေစိုက်စခန်းတွေ ထားတဲ့ ရုရှားတို့က ပံ့ပိုးပေးထားပါတယ်။ တူရကီ၊ အနောက်အင်အားကြီးတွေနဲ့ ပင်လယ်ကွေ့နိုင်ငံအများအပြားဟာ ပဋိပက္ခအတွင်း မတူကွဲပြားတဲ့ ဆီးရီးယားအတိုက်အခံတွေအပေါ်  မတူညီတဲ့ ထောက်ပံ့မှုတွေ ပေးထားကြပါတယ်။ 

လက်ရှိမှာလည်း မြို့တော် ဒမတ်စကတ်ကို သိမ်းထားတဲ့ HTS ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ဟာ တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြို့တော် ဒမတ်စကတ်၊ အလက်ပိုနဲ့ ဟွမ်းစ်အပါအဝင် အဓိက နယ်မြေတွေကို သိမ်းထားတဲ့နိုင်ပြီဖြစ်သလို ကြားဖြတ်အစိုးရဖွဲ့စည်းမှု စတင်နေပြီဖြစ်တဲ့အတွက် ဆီးရီးယားအစိုးရလို့ ပြောလို့ရပါပြီ။  

HTS ရဲ့ ဒီအောင်ပွဲမှာ  ပထဝီနိုင်ငံရေးနားလည်မှု အသုံးချနိုင်မှုက အရမ်းအရေး ကြီးခဲ့ပါတယ်။ ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့အချက်အချို့ကို ထုတ်နုတ်ကြည့်နိုင်ပါတယ်။

နံပါတ် (၁)

ဆိုဗီယက်ခေတ်ကကတည်း ဆီးရီးယားမှာ ရှိခဲ့တဲ့ စစ်စခန်းတွေကို ဆက်လက်ထိန်းချုပ်ရေးဟာ ရုရှားရဲ့ လိုလားချက်ဖြစ်ပါတယ်။

နံပါတ် (၂)

အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်နဲ့ အစွန်းရောက်အဖွဲ့တွေ ခေါင်းမထောင်လာရေး၊ အာဏာမရရေးက အမေရိကန်၊ မဟာမိတ်တွေနဲ့ အစ္စရေးတို့ ရဲ့ အဓိက လိုလားချက်ဖြစ်ပါတယ်။

နံပါတ် (၃) 

ဆီးရီးယားနိုင်ငံကို ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ တပ်တွေအလုံးစုံ မထိန်းချုပ်နိုင်ရေး တန်ပြန်ဖို့က အိမ်နီးချင်း တူရကီရဲ့ လိုလားချက်ဖြစ်ပါတယ်။

နံပါတ် (၄)

စစ်ပွဲတွေမပြီးနိုင်ဖြစ်ပြီး ဆီးရီးယားနိုင်ငံသားတွေ အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံတာတွေ အဆုံးသတ်ဖို့၊ လက်ရှိခိုလှုံနေသူတွေကို ပြန်ပို့ဖို့၊ ဆီးရီးယားမှာ တည်ငြိမ်တဲ့ အုပ်ချုပ်မှုရှိဖို့က  အိမ်နီးချင်းနိုင်ငံတွေရဲ့ လိုလားချက်ဖြစ်ပါတယ်။

ဒါတွေကို ထည့်တွက်ပြီး သူတို့ဟာ အဲဒီလိုလားချက်တွေအတွက် အကောင်းဆုံးမဟုတ်ပေမဲ့၊ လက်တွေ့အကျဆုံး၊ အဖြစ်နိုင်ဆုံး အဖြေတခုရယ်လို့ ဖြစ်အောင် တော်လှန်ရေးတပ်တွေက  ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

(၃) လက်ခံနိုင်သည့်ပုံရိပ်တည်ဆောက်ခြင်း

ကိုယ့်နိုင်ငံအပေါ် ပထဝီနိုင်ငံရေး သက်ရောက်မှုတွေ နားလည်ထားပြီးဆိုရင် နောက်ထပ် အရေးပါတဲ့ အချက်က နိုင်ငံတကာက လက်ခံနိုင်တဲ့ ပုံရိပ်တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

အာဆတ်ကို ဖြုတ်ချရာမှာ ဦးဆောင်ခဲ့ပြီး လက်ရှိ ကြားကာလအစိုးရဖွဲ့စည်းရေးကို တာဝန်ယူထားတာဟာ ဟာယက်တဟီရာအယ်လ်ရှမ် (HTS) ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ “လခြမ်းဒေသ လွတ်မြောက်ရေးအဖွဲ့” လို့အဓိပ္ပာယ်ရတဲ့ ဒီအဖွဲ့ဟာ ဆီးရီးယားပြည်တွင်းစစ်စကတည်းက ရှိခဲ့တဲ့ အဖွဲ့တွေကနေ ဆင်းသက်လာခဲ့တာပါ။ အစောပိုင်းမှာ အာဆတ်တပ်တွေကို တွန်းလှန်ဖို့နဲ့ အသေခံဗုံးခွဲတိုက်ခံမှုတွေလုပ်ဖို့ ဂျီဟတ်ဝါဒီတွေနဲ့ ဖွဲ့ခဲ့တဲ့ နူဆရာတပ်ဦးက မြစ်ဖျားခံတာဖြစ်ပါတယ်။

အစောပိုင်းမှာ IS အဖွဲ့နဲ့ ချိတ်ဆက်မှုရှိသလို  နောက်ပိုင်းမှာ အယ်လ်ကိုင်းဒါးနဲ့ ပတ်သက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆ နှစ်လယ်ပိုင်းမှာ နူဆရာတပ်ဦးဟာ သူတို့ရဲ့ အစွန်းရောက်လို့ သတ်မှတ်ခံရတဲ့ ဇာစ်မြစ်ကို ရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ တခြားအဖွဲ့တွေ အများအပြားနဲ့ ပူးပေါင်းပြီး HTS ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို လက်ရှိအချိန်အထိ အမေရိကန်နဲ့ အနောက်နိုင်ငံအများအပြားက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ အမေရိကန်နဲ့ ဆက်သွယ်စကားပြောတာတွေ ရှိလာပြီဖြစ်သလို၊ ဗြိတိန်ကလည်း အကြမ်းဖက်အဖွဲ့စာရင်းက ဖျက်ပေးဖို့  စဉ်းစားနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းစောနေသေးတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောထားသလို အမေရိကန်ကလည်း စောင့်ကြည့်ဦးမယ့် သဘောမျိုး ပြောထားပါတယ်။

အာဆတ်အစိုးရ နောက်ခံအင်အားစု သုံးခုကလွဲရင် ကျန်တဲ့ အားကြီးတဲ့ အိမ်နီးချင်းတွေ၊ အကျိုးစီးပွားပတ်သက်တဲ့ နိုင်ငံကြီးတွေအားလုံးရဲ့ ထောက်ခံမှု မရရင်တောင်၊ သူတို့ရဲ့ ရန်သူမဖြစ်အောင် စီမံနိုင်ခဲ့တာက HTS ရဲ့ အောင်မြင်မှုမှာ အရေးအပါဆုံးလို့ ဆိုနိုင်ပါတယ်။

နောက်ဆုံး ရန်သူတော် အာဆတ်ကို ပံ့ပိုးပေးခဲ့တဲ့ ရုရှားကိုတောင်မှ ဆီးရီးယား ရုရှားစစ်စခန်းတွေ မထိခိုက်စေရပါဘူးလို့ အာမခံပြီးတော့ ဗုံးဆက်မကြဲအောင် ညှိယူနိုင်ခဲ့တာက အင်မတန်ကို တော်တယ်လို့ ပြောလို့ရပါတယ်။ ဒါတောင်မှ အစ္စရေးက ဆီးရီးယားလက်နက်တိုက်တွေ၊ စစ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အကြီးအကျယ်ဗုံးကြဲနေတာကို ထိုင်ကြည့်နေရပါသေးတယ်။

(၄) ခေါင်းဆောင်ကောင်းရှိခြင်း

တော်လှန်ရေးတခုဟာ ခေါင်းဆောင်ကောင်းမရှိဘဲ မအောင်မြင်နိုင်ပါဘူး။ စူပါပါဝါတွေရဲ့ ကြားခံ Proxy War တွေကြားမှာ၊ အင်အားစုအမျိုးမျိုးရဲ့ အားပြိုင်မှုကြားမှာ မြို့တော်အထိ တက်သိမ်းနိုင်ခဲ့ရာမှာ အသက် ၄၂ နှစ်ပဲရှိသေးတဲ့ HTS အဖွဲ့ခေါင်းဆောင် အဘူမိုဟာမက် အယ်လ်ဂိုလာနီက အရေးပါဆုံးပုဂ္ဂိလ်ဖြစ်ပါတယ်။ အမည်ရင်း အာမက် ဟူစိန် အယ်လ်ရှာရာဖြစ်ပြီး ပြည်ပတိမ်းရှောင်နေရတဲ့ ဆီးရီးယားမိဘနှစ်ပါးကနေ ဆော်ဒီအာရေဗျမှာ မွေးခဲ့သူဖြစ်ပါတယ်။  သူ့မိသားစုဟာ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ ဆီးရီးယားကို ပြန်ပြောင်းလာခဲ့ကြပြီး ၂၀၀၃ မှာတော့ အိမ်နီးချင်း အီရတ်ကို သူသွားခဲ့ပါတယ်။ အမေရိကန်ကိုတိုက်ဖို့ အယ်လ်ကိုင်းဒါးထဲ ဝင်ခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံရှိ အမေရိကန်အကျဉ်းထောင်မှာ  နှစ်အတန်ကြာနေခဲ့ဖူးသူလည်းဖြစ်ပါတယ်။  ဆီးရီးယားပြည်တွင်းစစ်စချိန်မှာ ဆီးရီးယားကို ပြန်ရောက်လာခဲ့ပြီး နူဆရာတပ်ဦးကို ထောင်ခဲ့ ပါတယ်။ အဲဒီကမှ နာမည်နှစ်ဆင့်လောက်ပြောင်းအပြီးမှာ HTS ဖြစ်လာတာဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာ တော်လှန်ရေးနာမည် အဘူမိုဟာမက် အယ်လ်ဂိုလာနီလို့ ခံယူခဲ့တာဖြစ်ပါတယ်။  တော်လှန်ရေးတပ်တွေ အလက်ပိုမြို့ကို ဝင်ချိန်မှာလည်း စစ်ဝတ်စုံနဲ့ ဂိုလာနီက ပြည်သူတွေကိုကာကွယ်ဖို့ တပ်ဖွဲ့တွေကို ညွှန်ကြားခဲ့ပြီး လူနေအိမ်တွေထဲ မဝင်ဖို့ တားမြစ်မိန့်ထုတ်နေပုံ ဗီဒီယို ထုတ်ပြန်ပေးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကို အစွန်းရောက်၊ အကြမ်းဖက်၊ စစ်သွေးကြွဆိုတဲ့ ပုံရိပ်ကနေ ပြည်သူတွေ လွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့၊ လူနည်းစုကိုလည်း ကာကွယ်ပေးမယ့်၊ စနစ်ကျတဲ့ အုပ်ချုပ်ရေး ထူထောင်နိုင်တဲ့ နိုင်ငံပြုအဖွဲ့အစည်းအဖြစ် ပုံဖော်ရာမှာ သူက အဓိကအကျဆုံး ပုဂ္ဂိုလ်ဖြစ်လာပါတယ်။ 

၂၀၁၃ တုန်းက ကင်မရာကို ကျောပေး၊ မျက်နှာကို ပဝါခြုံပြီး ပထမဆုံး အယ်လ်ဂျားဇီးယားကို အင်တာဗျူးဖြေစဉ်က ဆီးရီယားမှာ ရှာရီးယား ဥပဒေနဲ့ အုပ်ချုပ်မယ်လို့ ပြောခဲ့သူဖြစ်ပါတယ်။ နောင် ၈ နှစ်အကြာမှာတော့ အမေရိကန် ပီဘီအက်စ်ရုပ်သံနဲ့ အင်တာဗျူးမှာ ကင်မရာကို တည့်တည့်ကြည့်ပြီး ရှပ်အင်္ကျီနဲ့ ဂျက်ကက်နဲ့ ဖြစ်သွားပြီး သူတို့အဖွဲ့ဟာ အယ်လ်ကိုင်းဒါးနဲ့ မပတ်သက်တော့ကြောင်း အနောက်ကမ္ဘာအတွက် ခြိမ်းခြောက်မှုမဟုတ်ကြောင်း ရှင်းပြနေပါတယ်။ သူ့ ပင်မရည်ရွယ်ချက်ဟာ ဆီးရီးယားကို ဖိနှိပ်တဲ့ အာဏာရှင်အစိုးရလက်အောက်က လွတ်မြောက်စေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ခုချိန်အထိ အမေရိကန်အစိုးရက  သူ့ကို ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်ထားဆဲဖြစ်ပါတယ်။ အကြမ်းဖက်သမားအဖြစ် အမေရိကန်ရဲ့ သတ်မှတ်ခံနေရဆဲဖြစ်တဲ့ HTS ခေါင်းဆောင် ဂိုလာနီက အစိုးရခေါင်းဆောင်နေရာကို မယူတာကြည့်ရင် ဘယ်လောက်အထိ တွက်ချက်ရှောင်ရှားပြီး စီမံနေသလဲဆိုတာ မြင်သာပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် အာဆတ်အလွန် ဆီးရီးယားမှာ သူဟာ ဩဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။

(၅) အချိန်ယူ စုဖွဲ့ ပြင်ဆင်ခြင်း

HTS ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုကို ချက်ချင်းဖွဲ့ ချက်ချင်းတိုက် ချက်ချင်းအောင်ခဲ့တာ မဟုတ်ပါဘူး။ အချိန်ယူစုဖွဲ့ပြင်ဆင်ပြီး အချိန်ကောင်းကို စောင့်နေခဲ့တာဖြစ်ပါတယ်။

HTS အဖွဲ့ဟာ နိုင်ငံအနောက်မြောက်ပိုင်း အစ်ဒ်လစ်ပြည်မှာ ဆယ်စုနှစ်ဝက်လောက် အုပ်ချုပ်ခဲ့ပြီး အခွန်ကောက်သလို အစိုးရဝန်ဆောင်မှုတွေလည်း ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေး လူနည်းစုကို လေးစားဖို့လည်း ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကတည်းက၊ နိုင်ငံတောင်ပိုင်း ဒမတ်စကတ်မြို့တော်ကို ချီတက်ဖို့ HTS ဦးဆောင်တဲ့ တပ်ပေါင်းစုက ပြင်ဆင်နေခဲ့တာပါ။  မြောက်ပိုင်းမှာ ဗိုလ်သင်တန်းကျောင်းလိုမျိုး ဖွင့်လှစ်နိုင်ခဲ့ပြီး စည်းကမ်းပြည့်ဝပြီး တက်ကြွတဲ့ စစ်သည်တွေ မွေးထုတ်ထားနိုင်ခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်သူ အယ်ဂိုလာနီ ပြောသလို ပြောရမယ်ဆိုရင် တော်လှန်ရေးဟာ ဝရုန်းသုန်းကား၊ ကြုံရာကျပန်း အခြေအနေကနေ အစီအစဉ်တကျ အခြေအနေကို ပြောင်းလဲလာခဲ့ပါတယ်။

HTS မူလကတည်းက ထိန်းထားနိုင်တဲ့ အုပ်ချုပ်နေတဲ့ အစ်ဒလစ်ဘ် ပြည်နယ်မှာဆိုရင် အစိုးရယန္တရားပုံစံအတိုင်း လည်ပတ်ပြီး ဒေသခံတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ HTS က အုပ်ချုပ်ရေးအာဏာ တိုက်ရိုက်ယူထားတာမဟုတ်ဘဲ ကယ်တင်ရေးအစိုးရ (Salvation Government) ဆိုပြီး အရပ်သား အစိုးရတရပ်ဖွဲ့ပြီး အုပ်ချုပ်နေတာဖြစ်ပါတယ်။  မြို့တော်ကို သိမ်းပြီးတဲ့ အခါမှာလည်း လက်ရှိ ကယ်တင်ရေးအစိုးရ ခေါင်းဆောင် မိုဟာမယ်အယ်လ် ဘာရှား က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က အသွင်ကူးပြောင်းရေး အစိုးရအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။

မြို့တော်မှာလည်း သိမ်းပြီးပြီးချင်း ဗဟိုဘဏ်မှာ လုယက်မှုတွေဖြစ်တယ်၊  အာဆတ်ရဲ့ အိမ်တော်နဲ့ အာဆတ်ရဲ့ အဓိက ပံ့ပိုးသူ အီရန်နိုင်ငံရဲ့ သံရုံးကို ဝင်စီးတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက အခြေအနေ တည်ငြိမ်အောင်ထိန်းနိုင်သွားပါတယ်။ တခြား အာရပ်နိုင်ငံတွေမှာလိုမျိုး အာဏာရှင်ကို ဖြုတ်ချပြီးရင် တိုင်းပြည်ဝရုန်းသုန်းကားမဖြစ်အောင် တော်တော်လေး သတိထားတာကို လည်းတွေ့ရပါတယ်။ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးတုန်းက လစ်ဗျားမှာရော၊  ၂၀၀၃ အီရတ်ကို အမေရိကန်ဝင်တုန်းကရော လုယက်မှုတွေ ထိန်းမနိုင်အောင်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေက အာဏာလုပ်ကြပြီး နှစ်ရှည်မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါမျိုးတွေ မဖြစ်အောင်၊ အစိုးရတရပ်လို အုပ်ချုပ်တတ်အောင် အစ်ဒလစ်ပြည်နယ်မှာကတည်းက အချိန်ယူ ပြင်ဆင်လာခဲ့ပုံရပါတယ်။

(၆) လျှပ်တပြက်ထိုးစစ်ဆင်နိုင်ခြင်း

လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့အတွက် တခြားအချက်တွေ ဘယ်လောက်အရေးကြီးကြီး စစ်ကို နိုင်အောင် တိုက်နိုင်စွမ်းကိုလည်း မေ့ထားလို့မရပါဘူး။ လျှပ်စီးလို မြန်ဆန်တဲ့ ထိုးစစ်လို့ တင်စားရလောက်အောင်  ၁၃ နှစ်ကြာ စစ်ပွဲဟာ ၁၂ ရက်ကြာထိုးစစ်နဲ့ နိဂုံးချုပ်သွားခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ဟာမာမြို့ကို သိမ်းပြီးတဲ့နောက် ၈ ရက်နေ့မှာ ဟွမ်းစ်မြို့ကျတယ်၊ မရှေးမနှောင်းမှာပဲ မြို့တော်ဒမတ်စကတ်ပါ ကျသွားခဲ့တာဟာ အားလုံးမျှော်လင့်ထားတာထက်ကို မြန်ဆန်ပါတယ်။  အခွင့်အလမ်းတွေ ပွင့်သွားတယ်ဆိုပေမဲ့ အာဆတ်အစိုးရ ဒီလောက်မြန်မြန် ပြုတ်ကျမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ နည်းနည်းပါးပါးများခံတိုက်ဦးမလားလို့ ထင်ခဲ့ကြတာပါ။

HTS ဦးဆောင်တဲ့ ညွန့်ပေါင်းဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှပ်စီးထိုးစစ်ကို စတင်ခဲ့တာဖြစ်ပြီး ဆီးရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ အလက်ပို အရင်သိမ်းခဲ့ပါတယ်။ အဲဒီနောက်သိမ်းနိုင်တဲ့ ဟာမာမြို့ဆိုရင်လည်း ပြည်တွင်းစစ်ကာလမှာ တခါမှ မကျဘူးသေးတဲ့ မြို့ဖြစ်ပြီး မြို့တော်နဲ့ မိုင် ၁၀၀ ပဲကွာတဲ့ မဟာဗျူဟာကျတဲ့ မြို့ဖြစ်ပါတယ်။

တကယ်တမ်း မြို့တော်ဒမတ်စကတ်ကို အရင်ဆုံးဝင်ရောက်နိုင်တာက တခြား အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကလည်း HTS ဦးဆောင်မှုကို လက်ခံခဲ့ပုံရပါတယ်။

တဖက်မှာတော့ အာဆတ်အစိုးရတပ်တွေက ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ပါဘူး။ ဆီးရီးယားစစ်တပ်ဟာ အတွင်းလှိုက်ခြစားနေပြီး ခိုးတာတွေ၊ လုတာတွေ များလွန်းလို့  တင့်ကားတွေ၊ လေယာဉ်တွေတောင် ဆီမရှိတော့ဘူးလို့ ဆိုကြပါတယ်။ မြို့တော်ကိုစောင့်ကြပ်တဲ့ အမှတ် ၄ သံချပ်ကာ တပ်ရင်းနဲ့ သမ္မတအစောင့်တပ်ဖွဲ့ဆိုတာ  သူတို့ကို ထောက်ကန်ပေးမဲ့ ဟစ်ဇ်ဘိုလာနဲ့ အီရန်မရှိရင်၊ ရုရှားကလေကြောင်းက မတိုက်ပေးရင် အခွံသာသာပဲဆိုတာ ပေါ်လွင့်ခဲ့ပါတယ်။ လေကြောင်းပစ်ကူသာမရှိရင်၊ ပြည်ပအထောက်အပံ့တွေ အားနည်းသွားရင် အာဏာရှင်ဆိုတာ အခုတိုက် အခုရတယ်ဆိုတာ ဆီးရီးယားက သက်သေပါပဲ။

(၇) လူနည်းစုအပေါ်အာမခံချက်ပေးနိုင်ခြင်း

HTS ဟာ သူတို့ လက်အောက် ဆီးရီးယားနိုင်ငံသစ်မှာ လူနည်းစုတွေကို နှိပ်ကွပ်မှာ မဟုတ်ဘူးလို့ ကတိပေးထားပါတယ်။ လက်ရှိအချိန်အထိလည်း ဒီကတိကို တည်တယ်ဆိုတာမျိုး ပြသနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာ တွေ့ ရပါတယ်။

လူ ငါးသိန်းလောက် သေဆုံးခဲ့ရပြီး နိုင်ငံကို နက်ရှိုင်းစွာ ကွဲပြားစေခဲ့တဲ့ ဆီးရီးယားရဲ့ ၁၃ နှစ် ကျော်ကြာ ပြည်တွင်းစစ်ကြောင့် လူမျိုးရေးနဲ့ ဘာသာရေး လူနည်းစုတွေအကြောင်း တိကျတဲ့ နောက်ဆုံးရ စာရင်းအင်းတွေ မရှိပါဘူး။

ဒါပေမဲ့ လူဦးရေ ၂၅ သန်းလောက်ရှိမယ်မှန်းတဲ့  ဆီးရီးယားမှာ ၇၀ ရာခိုင်နှုန်းက ဆွန်နီ မွတ်စလင်တွေ၊ ၁၃ ရာခိုင်နှုန်းက ရှီယာမွတ်စလင်တွေ ဖြစ်ပြီး အဲဒီ ရှီယာမွတ်စလင်ထဲက ၁၀ ရာခိုင်နှုန်းက အာလာဝိုက် မျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ ကျန်တာတွေကတော့ ကာ့ဒ်၊ ခရစ်ယာန်နဲ့ ဒရုဇ် လူနည်းစုတွေ ဖြစ်ပါတယ်။

HTS ဟာ လူဦးရေ ၄ သန်းလောက်ရှိပြီး ဘာသာရေးနဲ့ လူမျိုးရေး နောက်ခံ အမျိုးမျိုးက နေရပ်စွန့်ခွာ ပြည်သူတွေ နေထိုင်တဲ့ အစ်ဒလစ်ဒေသကို အုပ်ချုပ်နေခဲ့တာ ငါးနှစ်လောက်ရှိပါပြီ။ အဲဒီအတောအတွင်း လူနည်းစုအရေးကို တော်တော်အာရုံစိုက်ပြခဲ့ပြီး ဥပမာအားဖြင့် HTS တပ်မှူးတွေဟာ ခရစ်ယာန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးတာမျိုး လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက အစ်ဒလစ်က  ခရစ်ယာန်တွေဟာ အီစတာနဲ့ ခရစ္စမတ်လို ဘာသာရေး ပွဲတော်တွေကို ကျင်းပနိုင်ခဲ့ကြပါတယ်။

ခရစ်ယာန်တွေရဲ့ အခွင့်အရေးတွေ အတော်များများ တိုးတက်လာခဲ့သလို ဒရုဇ် လူနည်းစုတွေအပေါ်မှာလည်း ဒီလိုပဲ လုပ်ပေးခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ HTS ဟာ ဇာစ်မြစ်ကိုက ဂျီဟတ်ဝါဒီတွေအပေါ် အခြေခံခဲ့တာဖြစ်လို့ လူနည်းစုတွေအတွက် စိတ်မချရဘူးလို့ နိုင်ငံတကာက ယူဆနေဆဲဖြစ်ပါတယ်။

(၈) "မီးစိမ်းပြ" အောင် ညှိနိုင်ခြင်း

စစ်ပွဲရဲ့ အစောပိုင်းကာလကတည်းက အတိုက်အခံတွေဘက်က ရပ်တည်ပေးခဲ့တဲ့ တူရကီဘက်က မီးစိမ်းမပြခဲ့ရင် တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နိုင်ဖို့ရာမရှိဘူးလို့ အတွင်းသတင်းတွေက ဖော်ပြပါတယ်။

အစောပိုင်းကပြောခဲ့သလိုပဲ ဆီးရီးယားကို ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အလုံးစုံ မထိန်းချုပ်နိုင်ရေး တန်ပြန်ဖို့က အိမ်နီးချင်း အင်အားကြီး တူရကီရဲ့ လိုလားချက်ဖြစ်ပါတယ်။ ကာ့ဒ်တွေဟာ အိမ်နီးချင်း တူရကီနိုင်ငံမှာရော၊ အီရတ်မှာပါရှိပါတယ်။ အီရတ်မှာဆိုရင် ကာ့ဒ်တွေဟာ သီးခြား နိုင်ငံတခုလို လည်ပတ်နိုင်နေပြီဖြစ်သလို တူရကီမှာလည်း ကာ့ဒ်ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေပါတယ်။ ဒါကြောင့် ဆီးရီးယားက ကာ့ဒ်တွေပါ အားကောင်းလာတာကို တန်ပြန်ဖို့ တူရကီက တခြား ကာ့ဒ်မဟုတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးထားတာ ရှိပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ တူရကီထဲ အလုံးအရင်းနဲ့ မစီးဝင်ဖို့ ဆီးရီးယားမှာ တည်ငြိမ်မှုရှိဖို့လိုပါတယ်။

ဒါပေမဲ့ ဆီးရီးယား အမျိုးသားတပ်မတော် (SNA) လို့ခေါ်တဲ့ အဖွဲ့ကိုသာ တူရကီက အဓိက ပံ့ပိုးထားတာဖြစ်ပြီး HTS ကိုကျ အကြမ်းဖက်အဖွဲ့လို့ တူရကီက သတ်မှတ်ထားတာဖြစ်ပါတယ်။  ၂၀၂၀ မှာ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ တိုက်ပွဲတွေလျှော့ချဖို့ တူရကီအစိုးရက ရုရှားနဲ့ သဘောတူညီမှုယူခဲ့ပါတယ်။ တော်လှန်ရေးတပ်တွေက အကြီးစားထိုးစစ်ထပ်ဆင်ရင် ဒုက္ခသည်တွေ အများကြီး သူ့နိုင်ငံထဲဝင်လာမှာကို ကာကွယ်ဖို့လည်းပါဝင်ပါတယ်။ ဒါပေမဲ့  စစ်ရေး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ အနေအထားကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တူရကီက ညှိတာကို အာဆတ်အစိုးရက ထပ်တလဲလဲ ငြင်းချိန်မှာ တူရကီက ရပ်တည်ချက်ပြောင်းသွားတယ်လို့ ဆိုပါတယ်။ ဆီးရီးယားတော်လှန်ရေးတပ်တွေက အစီအစဉ်အသေးစိတ်ကို တူရကီဘက်ကို ချပြခဲ့တယ်လို့ အတွင်းသတင်းတွေက ဖော်ပြပါတယ်။

အသေးစိတ်ဆက်သွယ်မှုနဲ့ ပတ်သက်ပြီး သေချာမသိရပေမဲ့ HTS အဖွဲ့နဲ့ SNA အဖွဲ့တို့ဟာ စစ်ဆင်ရေးမတိုင်မီကတည်းက ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့နဲ့ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ ကြိုညှိခဲ့ကြသလို ဒါကို တူရကီဘက်က သိရှိထားတယ်လို့ အတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

အဓိက အချက်ကို အရပ်စကားနဲ့ အနှစ်ချုပ်ပြောရရင် “တခြား တလမ်းက အလုပ်မဖြစ်တာ နှစ်နဲ့ချီကြာပြီဆိုတော့ ငါတို့ နည်းကို စမ်းကြည့်ပါလား ဆိုတာမျိုးဖြစ်ပါတယ်။ မင်းတို့ဘက်က ဘာမှ လုပ်စရာမလိုဘူး၊ ဝင်မစွက်ရင်ပဲရပြီ” ဆိုတာမျိုး ဖြစ်ပါတယ်။

နိဂုံး

တော်လှန်ရေးအောင်မြင်ရာ အကြောင်းတရားတွေရဲ့ ဆန့်ကျင်ဘက်ကို ကျူးလွန်မိရင် ကျဆုံးမှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ "အစိုးရ" ဆိုတာ အစက "ရိုး"တယ်လို့ ဆိုကြသလို လက်နက်ကိုင်တော်လှန်ရေးနဲ့ အာဏာရလာသူတွေ ဖောက်ပြန်သွားရင် အာဏာရှင်တကျော့ ပြန်လာနိုင်ပါတယ်။ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ် အဖွဲ့တွေနဲ့ ပတ်သက်မှုရှိခဲ့တဲ့အခြေအနေ၊ အမေရိကန်၊ ရုရှား၊ အစ္စရေး၊ တူရကီ၊ အီရန်နဲ့ တခြား အိမ်နီးချင်းတွေရဲ့  စွက်ဖက်မှုတွေ၊ လွှမ်းမိုးမှုတွေ အများကြီးရှိတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းမှာ ပြည်သူတွေနဲ့ တော်လှန်ရေး ဦးဆောင်သူတွေဟာ တကယ်တည်ငြိမ်၊ တိုးတက်တဲ့ နိုင်ငံတခုဖြစ်လာအောင် တည်ဆောက်နိုင်ပါ့မလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာရှိနေပါတယ်။ လူနည်းစုအခွင့်အရေးကို လေးစားပါမယ်ဆိုတဲ့ ကတိကို တည်နိုင်ပါ့မလား ဆိုတာကိုလည်း သတိထား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျက်မှောက်ခေတ်မှာ လက်နက်ကိုင်တော်လှန်ရေးတခု ဘယ်လို အောင်မြင်နိုင်သလဲ၊ အောင်မြင်ရာ အကြောင်းတရားတွေဟာ ဘာတွေလဲဆိုတာကိုတော့ ဆီးရီးယားကနေ လက်တွေ့ သင်ခန်းစာ ယူနိုင်ကြမှာဖြစ်ပါတယ်။

စိုင်းခေတ်နွေ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024