Home
နိုင်ငံတကာ
နာမည်ဆိုးဖြင့် ကျော်ကြားသည့် အာဆတ်၏တပ်ဖွဲ့နှင့် အကျဉ်းထောင်များ ပိတ်သိမ်းမည်
DVB
·
December 12, 2024
Photo: Reuters

ဆီးရီးယားအာဏာရှင် ဘာရှားအာဆတ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်တွေကို ပိတ်သိမ်းမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဦးဆောင်တပ်မှူးက ပြောပါတယ်။

အကျဉ်းသားတွေကို ညှဉ်းပန်းတာ၊ သတ်ဖြတ်တာတွေမှာ ပါဝင်ခဲ့သူတွေကို လိုက်လံဖမ်းဆီးသွားမယ်လို့ ဆိုပြီး၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း  လက်ရှိ တိုင်းပြည်ကို ဦးဆောင်သူဖြစ်လာတဲ့ ဟာယတ်တာဟာရီအယ်လ်ရှမ် (HTS) အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးနာမည် အဘူမိုဟာမက်အယ်လ် ဂိုလာနီလို့ လူသိများတဲ့ အာမက် အယ်လ် ရှာရာက ခုကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

HTS ကို ဝါရှင်တန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

အာဆတ် မိသားစုရဲ့ နှစ်ပေါင်း ၅၀ အုပ်ချုပ်မှုအတွင်း ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ အဖိနှိပ်ဆုံး နိုင်ငံတွေထဲက တခုဖြစ်ခဲ့ပါတယ်။

အာဆတ်အစိုးရက အကျဉ်းသားသောင်းချီ ချုပ်ထားခဲ့တယ်လို့ ခန့်မှန်းရတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထောင်တွေဆီကို ဆီးရီးယားပြည်သူတွေ ရောက်ရှိလာကြပြီး၊ သူတို့ချစ်ခင်ရသူတွေကို ရှာဖွေနေကြပါတယ်။

တချို့ကို အသက်ရှင်လျက် ပြန်လွှတ်နိုင်ခဲ့ပေမဲ့  တချို့ကိုတော့ အလောင်းပဲ ပြန်ရခဲ့ကာ အခုထိရှာမတွေ့သေးတဲ့သူလည်း ထောင်ချီရှိနေပါတယ်။

၁၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အပြီးမှာ၊ ဆီးရီးယားရဲ့ အုပ်ချုပ်သူအသစ်တွေအနေနဲ့ နိုင်ငံကိုတည်ငြိမ်အောင် ထိန်းသိမ်းနိုင်မလား၊ အကြမ်းဖက် လက်စားချေမှုတွေ မဖြစ်အောင် ရှောင်ရှားနိုင်မလားဆိုတာကို ကမ္ဘာက စောင့်ကြည့်နေပါတယ်။

မတ်လအထိ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့  တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်ထားတဲ့ ယာယီဝန်ကြီးချုပ် မိုဟာမက်အယ်လ်ဘာရှာကလည်း  ဒုက္ခသည် သန်းပေါင်းများစွာကို ပြန်လည်ခေါ်ယူဖို့၊ စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့နဲ့ အခြေခံဝန်ဆောင်မှုတွေ ပေးဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

လူပေါင်းသိန်းချီ သေဆုံးခဲ့ရပြီး၊ မြို့တွေ ပျက်စီးခဲ့ရပြီး၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးထိခိုက်ခဲ့ရတဲ့ ပြည်တွင်းစစ်အပြီးမှာ၊ ဆီးရီးယားကို ပြန်လည်တည်ဆောက်ဖို့က အင်မတန်ကြီးလေးတဲ့ တာဝန်တခုဖြစ်ပါတယ်။

ခေတ်သစ်မှာ အကြီးမားဆုံး ရွှေ့ပြောင်းမှုတွေထဲက တခုအဖြစ် ဒုက္ခသည် သန်းပေါင်းများစွာဟာ စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရပါတယ်။ ဆီးရီးယားတော်လှန်ရေးတပ်ဖွဲ့တွေဟာ ထွက်ပြေးခဲ့ရတဲ့ သမ္မတ ဘာရှားအာဆတ်ရဲ့ ဖခင်၊ သမ္မတဟောင်း ဟာဖက်ဇ် အယ်လ်အာဆတ်ရဲ့ အုတ်ဂူကိုလည်း မီးတင်ရှို့ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013