ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်တခုဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ ဒီတပတ်မှာ တော်တော်လှုပ်ခတ်သွားခဲ့တယ်။ ပထမဆုံးနဲ့ အဓိကအကျဆုံးဖြစ်စဉ်ကတော့ အာဏာရှင် ဘာရှား အယ်လ်အာဆတ် နိုင်ငံထဲက ထွက်ပြေးသွားရခြင်းပါ။ ဆီးရီးယား လက်နက်ကိုင်တော်လှန်ရေး အုပ်စုတခုဖြစ်တဲ့ Hayat Tahrir al-Sham ဟာ ပြီးခဲ့တဲ့တပတ်အတွင်း လျင်မြန်တဲ့နှုန်းထားနဲ့ မြို့တွေ တမြို့ပြီးတမြို့ ဆက်တိုက်သိမ်းလာလိုက်တာ နောက်ဆုံး မြို့တော် ဒမတ်စ်ကပ်ကိုပါ ဝင်စီးမိခဲ့ကြတယ်။ ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို ဟာရတ် တာဟီရာ အယ်လ်ရှမ်း အဖွဲ့က သိမ်းပိုက်ခဲ့ပြီး မကြာမီ ဒီအဖွဲ့ဟာ တောင်-မြောက် လမ်းမကြီးအတိုင်း မြို့တော် ဒမတ်စ်ကပ်ကို ဆက်လက်ချီတက်လာခဲ့ကြတယ်။ လမ်းမှာ ဟားမားမြို့၊ တတိယအကြီးဆုံး Homsမြို့တွေကို သိမ်းပိုက်လိုက်ချိန်မှာတော့ အခြေအနေမဟန်တော့တဲ့ ဆီးရီးယားသမ္မတ အာဆတ်ဟာ နိုင်ငံကနေ ထွက်ပြေးဖို့ဖြစ်လာတော့တယ်။ သတင်းတွေအရ ရုရှားကို ထွက်ပြေးတမ်းရှောင်သွားပြီလို့ သိရတယ်။
၁၉၇၁ ခုနှစ် ဖခင် ဟာဖက်ဇ် အယ်လ်အာဆတ် လက်ထက်ကနေ သားဖြစ်သူ ဘာရှား အယ်လ်အာဆတ်လက်ထက်အထိ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အာရပ်နွေဦးတော်လှန်ရေးလှိုင်းနဲ့အတူ ပေါ်ပေါက်လာတဲ့ ၁၃ နှစ်ကြာ ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ငါးသိန်း အသက်ဆုံးရှုံးခဲ့ရပြီး ၁၂ သန်းကျော် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတယ်။ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် စစ်ဘေးဒုက္ခသည်အမြောက်အမြားဟာ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ကို ထွက်ပြေးခိုလှုံခဲ့ကြတယ်။
ဆီးရီယားပြည်တွင်းစစ်မှာ အာဆတ်အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့အုပ်စု(actors)တွေဟာ စုံလင် များပြားလှတယ်။ အဓိက က အာဏာရှင် အာဆတ်အစိုးရပြုတ်ကျရေး ဖြစ်ပေမဲ့ မတူညီတဲ့ လက်နက်ကိုင်အုပ်စုတွေအတွင်း မတူညီတဲ့ ရည်မှန်းချက်အသီးသီး ရှိနေကြတယ်။ အာဆတ်ကို တော်လှန်နေကြတဲ့ အုပ်စုအားလုံးကို သူပုန်(rebel) ဆိုတဲ့ အသုံးအနှုန်းနဲ့ မီဒီယာတွေက ရေးသားဖော်ပြကြတယ်။
အခု မြို့တော် ဒမတ်စ်ကပ်ကို သိမ်းလိုက်တဲ့ Hayat Tahrir al-Sham အဖွဲ့ကိုလည်း သူပုန်အဖြစ်ပဲ သုံးနှုန်းတယ်။ ဒါကလည်း အကြောင်းအရင်းတွေ ရှိတယ်။ ဒီအဖွဲ့က ၂၀၁၇ ခုနှစ်ကမှ ပေါ်လာတာဖြစ်ပြီး သူ့ရဲ့ရေသောက်မြစ်က အယ်လ်ကိုင်ဒါ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွှယ်နေတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂကလည်း ဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ခုချိန်ထိ သတ်မှတ်ထားတုန်းပဲ။
ဘုံရန်သူ အာဆတ်ကို တော်လှန်နေကြတဲ့အဖွဲ့တွေထဲမှာ တူရကီက ထောက်ခံအားပေးနေတဲ့အုပ်စု၊ အမေရိကန်နဲ့ အနောက်အုပ်စုက ထောက်ခံအားပေးနေတဲ့အုပ်စု နဲ့ အခု အာဆတ်ကိုဖြုတ်ချလိုက်တဲ့ ဟာရတ် တာဟီရာ အယ်လ်ရှမ်းအဖွဲ့တွေ ပါဝင်တယ်။ အာဆတ်အစိုးရဟာ ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကို ရုရှား၊ အီရန်တို့ရဲ့ အကူအညီနဲ့ နှိမ်နင်းခဲ့တယ်။ ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်က ထောက်ခံအားပေးတဲ့ ကာဒစ်တော်လှန်ရေးအုပ်စုရှိသလို တူရကီက ထောက်ခံအားပေးတဲ့ ဆီးရီးယားတော်လှန်ရေးအုပ်စုတွေလည်း ရှိတယ်။ ဒီအဖွဲတွေဟာ အရှေ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းနေရာတချို့ကို ထိန်းချုပ်ထားပြီး အာဆတ်အစိုးရကတော့ ကျန်တဲ့နေရာတွေကို ထိန်းချုပ်ထားတယ်။ အစောပိုင်းကာလမှာ ISIS အကြမ်းဖက်အုပ်စုလည်း ဒီစစ်ပွဲမှာ ပါဝင်ခဲ့လို့ အမေရိကန်က ဝင်ပါပြီး နှိမ်နင်းခဲ့ရတယ်။ ရုရှားအကူအညီနဲ့ သူပုန်အုပ်စုတွေကို နှိမ်နင်းခဲ့တဲ့ အာဆတ်ဟာ ရုရှားနိုင်ငံကို ရေတပ်စခန်း နဲ့ လေတပ်စခန်း နှစ်ခု ဆီးရီးယားမှာ ၄၉ နှစ်ကြာ ချထားခွင့်ပေးခဲ့တယ်။ အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းစဉ်က ပါဝင်ခဲ့တဲ့ အမေရိကန်စစ်စခန်းတခုလည်း တောင်ဘက်မှာ ရှိတယ်။ ဆီးရီးယားပြည်တွင်းစစ်ဟာ ၂၀၁၈ နောက်ပိုင်းမှာ သွေးအေးသလိုဖြစ်ပြီး ငြိမ်သက်သွားခဲ့တယ်။ တချို့ကတော့ ဒီစစ်ပွဲမှာ ဘာရှားအာဆတ်ပဲ နိုင်သွားမယ်လို့ ယုံကြည်နေကြတယ်။
၂၀၁၅ ခုနှစ် သမ္မတဒေါ်နယ်ထရမ့်ပ်တက်လာချိန်မှာ အမေရိကန်ဟာ ဆီးရီးယားပြည်တွင်းစစ်ထဲ ဝင်မပါတော့ဘဲ နောက်ဆုတ်သွားခဲ့တယ်။
အရှေ့မြောက်၊ အနောက်မြောက်ဒေသတွေကို လက်နက်ကိုင်အုပ်စုတွေ ထိန်းချုပ်ထားချိန်မှာ အာဆတ်ဟာ ရုရှား၊ အီရန်၊ ဟစ်ဇ်ဘိုလာတို့ရဲ့ ထောက်ခံအားပေးမှုနဲ့ ကျန်တဲ့နိုင်ငံအစိတ်အပိုင်းကို ထိန်းချုပ်ပြီး ရပ်တည်လာခဲ့တယ်။
နှစ်အတန်ကြာ ပြည်တွင်းစစ်ပွဲရှည်ကြာခဲ့ပြီး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေရာက ခုလို ထွက်ပြေးရတဲ့အထိ အာဆတ်အစိုးရ အလျင်အမြန် ရှုံနိမ့်ကျဆုံးသွားရခြင်းအဓိကအကြောင်းကတော့ ၁။ ယူကရိန်းစစ်ပွဲမှာ အထိနာနေတဲ့ ရုရှားက အကူအညီကောင်းကောင်း မပေးနိုင်တော့တာ ၂။ဆီးရီးယားမှာ ရှိတဲ့ အီရန်ခြေကုပ်စခန်းတွေကို အစ္စရေးက လွန်ခဲ့တဲ့နှစ်အတွင်း ဗုံးကြဲတိုက်ခိုက် ချေမှုန်းထားခဲ့တာ ၃။ မကြာခင်ကဖြစ်ပေါ်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမာ့စ်တို့ရဲ့ စစ်ပွဲမှာ ဟားမာ့စ်ခေါင်းဆောင်တွေကို အစ္စရေးက ချေမှုန်းလိုက်လို့ အင်အားချည့်နဲ့လျော့ကျသွားတာ စတဲ့အချက်တွေကြောင့်လို့ သုံးသပ်ကြတယ်။
ခုတော့ ဆီးရီးယားက အာဏာရှင်အာဆတ် လက်အောက်က လွတ်မြောက်သွားပြီလို့ ဆိုရမယ်။ မြို့တော်ကို သိမ်းပိုက်ခဲ့တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ မိုဟာမက် အယ်လ်ဘာရှား ဦးဆောင်တဲ့ ကြားကာလအစိုးရအဖွဲ့ကို မကြာခင်က ဖွဲ့စည်းလိုက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ကြိုးစားသွားမယ်လို့ ဆိုတယ်။
ဆီးရီးယားအစိုးရသစ်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သတိထားစောင့်ကြည့်နေပြီး လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ညီညွတ်ရေး "inclusive" political process နိုင်ငံရေးဖြစ်စဉ် တည်ဆောက်နိုင်ရင် အသိအမှတ်ပြုသွားမယ်လို့ ဆိုတယ်။ နိုင်ငံရေး သုံးသပ်လေ့လာသူတွေကတော့ ဆီးရီးယားအခြေအနေဟာ မတူညီတဲ့လက်နက်ကိုင်အဖွဲ့တွေကြား နောက်ထပ်ပဋိပက္ခအသစ်တွေ ဖြစ်ပေါ်လာပြီး စစ်ပွဲတွေ ဆက်ဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်နေကြတယ်။
အာဆတ်အစိုးရပြုတ်ကျပြီး ဒမတ်စ်ကပ်မြို့တော်ကို Hayat Tahrir ai-Sham အဖွဲ့က သိမ်းပိုက်လိုက်ပြီး နောက်တနေ့မှာပဲ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၁၉၆၇ ခုနှစ် ခြောက်ရက်တာစစ်ပွဲအတွင်း အစ္စရေးက သိမ်းယူထားတဲ့ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးရဲ့ ထာဝရပိုင် ဖြစ်သွားပြီလို့ ကြေညာလိုက်တယ်။
မနေ့ကအထိ အစ္စရေးတိုက်လေယာဉ်တွေက ဆီးရီးယားရဲ့ ရေတပ်စခန်းအပါအဝင် အဓိကလက်နက်သိုလှောင်ရုံတွေ အရေးပါတဲ့ စစ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခိုက်ဖျက်ဆီးနေတာ တွေ့ရတယ်။ အကြောင်းပြချက်ကတော့ အာဆတ်အလွန် ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခနဲ့ စစ်ပွဲတွေကို ကြိုတင်တားဆီးဖို့ဖြစ်တယ်လို့ ဆိုတယ်။
Ref: CNA