Home
နိုင်ငံတကာ
အာဆတ်ပြုတ်ကျပြီးနောက် ဆီးရီးယားအကျဉ်းထောင်တွင်း ပျောက်ဆုံးအကျဉ်းသားများကို ဝင်ရောက် ရှာဖွေ
DVB
·
December 11, 2024
Photo-Reuters

ဆီးရီးယား အာဏာရှင်အာဆတ်အစိုးရ ဒီဇင်ဘာ ၈ ရက်မှာ ပြုတ်ကျသွားပြီးနောက်တနေ့မှာ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားရှိ ဆဒ်နယာအကျဉ်းထောင်တံခါးကို ဖွင့်ပေးလိုက်ရာမှာ အကျဉ်းသားတွေ ထောင်နဲ့ချီ လွတ်မြောက်ခဲ့ကြပါတယ်။

အကျဉ်းထောင်ကို လူတွေ စုဝေးရောက်ရှိလာကြပြီး ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရတဲ့ သူတို့ဆွေမျိုးတွေနဲ့ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို စစ်ဆေး ရှာဖွေခဲ့ကြပါတယ်။

သမ္မတ အာဆတ်ရဲ့ အကြင်နာမဲ့တဲ့ အချုပ်အနှောင်အောက်မှာ အစောပိုင်းနှစ်တွေတုန်းက သေဒဏ် ကျခံထားရတယ်လို့ ယူဆလိုက်ကြတဲ့ ဆွေမျိုးတွေနဲ့လည်း မျက်ရည်လည်ရွှဲ ပြန်လည်တွေ့ဆုံနိုင်ခဲ့ ကြပါတယ်။

ဒါပေမဲ့ မရေမတွက်နိုင်တဲ့ မိသားစုတွေဟာ ဝင်္ကပါအကျဉ်းထောင် အဆောက်အအုံထဲက မှောင်မိုက်တဲ့ စင်္ကြံတွေနဲ့ လျှို့ဝှက်မြေအောက် အကျဉ်းခန်းတွေထဲထိ အသည်းအသန် ဆင်းသက်ပြီး ဆန္ဒပြပွဲတွေသွားမိလို့၊ အာဏာပိုင်တွေကို ဖီဆန်မိလို့၊ မကျေနပ်မှုတွေကို ရိုးရိုးရှင်းရှင်း ပြောဆိုမိခြင်းတို့ကြောင့် ထောင်ကျခံနေရတဲ့ သူတို့ချစ်ခင်ရသူတွေကို ခြေရာခံ ရှာဖွေနေကြပါတယ်။

တနင်္ဂနွေနေ့ကတော့ လူတွေ မရောက်ရှိနိုင်တဲ့ မြေအောက် လျှို့ဝှက် အကျဉ်းခန်းတွေထဲမှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး ပြိုလဲကျသွားတဲ့ အဆောက်အဦတွေကို နှစ်အတော်ကြာ တူးဖော်ခဲ့တဲ့ White Helmets ကယ်ဆယ်ရေးအဖွဲ့ကတော့ အဖွဲ့ငယ်တခုကို တာဝန်ချထားပေမဲ့ တနင်္လာနေ့ မွန်းလွဲပိုင်းလောက်အထိ အကျဉ်းသားတွေကို ထပ်တွေ့ရတယ်ဆိုတဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

ဘက်ပြောင်းသွားတဲ့ ဆီးရီးယားစစ်တပ် အရာရှိတယောက်ဆီကနေ မြေပုံတခုရပြီး အုတ်တံတိုင်းကို ဖြိုချ၊ တံခါးတွေကို ချိုးဖျက်ရှာဖွေနေတာမှာလည်း ဘာမှ မတွေ့ရသေးဘူး လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေဟာ ဆီးရီးယားရှိ အကျဉ်းထောင်တွေမှာ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံရမှုတွေကို အစီရင်ခံထုတ်ပြန်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဟာ ကြိုးဆွဲချအကျဉ်းသားတွေအတွက် ဆဒ်နယာမီးသင်္ဂြိုဟ်ခြင်းအသစ်ကို ဖော်ထုတ်ခဲ့ပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ခဲ့ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ ခေါင်းရိတ်ထားတဲ့ အရိုးပေါ်အရေတင် အကျဉ်းသားတွေဟာ သူတို့နာမည်တွေနဲ့ သူတို့ ဘယ်ကလာတယ် ဆိုတာတွေတောင် မပြောနိုင်ကြတာကိုလည်း မြင်တွေ့ရပါတယ်။

ဆီးရီးယား လူ့အခွင့်အရေးကွန်ရက်ကို ဦးဆောင်သူ ဖဒလ်အဗ္ဗဒူလ်ဂါနီ ကတော့ အကျဉ်းထောင် တံခါးတွေကို ဒလဟော ဖွင့်ချလိုက်ခြင်းကြောင့် အကျဉ်းသားတွေကို ခြေရာခံရ ပိုခက်ခဲသွားပြီး ရာဇ၀တ်သားစစ်စစ်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ လွတ်ထွက်လာကြပြီလို့ ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013