ဆီးရီးယားနိုင်ငံ အယ်ဘေးဒါနဲ့ လာတာကီယာဆိပ်ကမ်းတို့မှာ ရှိတဲ့ စစ်သင်္ဘော ၁၅ စီးကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက အတည်ပြုပါတယ်။
အာဆတ်အစိုးရခေတ် ကုန်ဆုံးပြီးနောက် စစ်သုံးပစ္စည်းတွေကို ဖျက်ဆီးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
လာတာကီယာဆိပ်ကမ်း တိုက်ခိုက်မှုမှာ သင်္ဘောတွေနဲ့ ဆိပ်ကမ်းကို ထိခိုက်မှု အများအပြားရှိတယ်လို့လည်း သတင်းတွေမှာ တွေ့ရပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ဆီးရီးယားကို သူပုန်တွေ တိုက်ခိုက်ခဲ့ပြီး တဲ့နောက် အစ္စရေးက တိုက်ခိုက်မှု ၃၁၀ ကျော် ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလိုတိုက်ခိုက်မှုက အစ္စရေးကို ခြိမ်းခြောက်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာလို့ အစ္စရေးဝန်ကြီး ကတ်ဇ်က ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ လေယာဉ်ကွင်းတွေ၊ စစ်သုံးယာဉ်တွေ၊ လေကြောင်းလက်နက်တွေ၊ လက်နက်ထုတ်စက်ရုံတွေရှိတဲ့ ဒမတ်စကတ်၊ ဟွမ်း၊ တာတတ်စ်၊ ပါးမိုင်ရာ စတဲ့ မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအထဲမှာ လက်နက်တိုက်တွေ၊ ခဲယမ်းသိုလှောင်ရုံတွေ၊ ပင်လယ်တွင်း ပစ်ခတ်နိုင်တဲ့ ဒုံးကျည် ဒါဇင်နဲ့ချီပြီး ဖျက်ဆီးဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
အစ္စရေးက ဆီးရီးယားနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်မှုဟာ ကြားခံနယ်မြေထဲကို ဝင်ရောက်မှု ဖြစ်တယ်ဆိုပြီး တူရကီနိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချထားပါတယ်။ ဆီးရီးယားနဲ့ အစ္စရေးတို့ဟာ ၁၉၇၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူထားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters