ယီမင်နိုင်ငံထဲက အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့က ဒီဇင်ဘာ ၉ ရက်မှာ အစ္စရေးနိုင်ငံအလယ်ပိုင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အခိုင်အမာ ပြောလိုက်ပါတယ်။
တိုက်ခိုက်မှုဟာ တဲလ်အဗစ်မြို့ တောင်ဘက်က ယက်ဗ်နာမြို့အတွင်း အကဲဆတ်တဲ့ နေရာတခုကို ပစ်မှတ်ထားခဲ့တယ်လို့ ဟူသီသူပုန်အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန်ပါတယ်။
ဒရုန်းဟာ ရည်မှန်းထားတဲ့ ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ပါလက်စတိုင်းအဖွဲ့တွေအား ကျောထောက်နောက်ခံပြုဖို့ ဟူသီအဖွဲ့ရဲ့ ကတိကဝတ် တစိတ်တပိုင်းအဖြစ် ပြောရေးဆိုခွင့်ရှိသူက မီးမောင်းထိုးပြပါတယ်။
ယီမင်အပေါ် “အစ္စရေးရဲ့ ရန်လိုမှုမှန်သမျှကို ရင်ဆိုင်ဖို့” ပြင်ဆင်ထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။
ရန်စမှုရပ်တန့်ပြီး ဂါဇာကမ်းမြောင်မှာ ဝိုင်းရံထားမှုကို ရုတ်သိမ်းတဲ့အထိ ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၉ ရက်မှာ အစ္စရေးနိုင်ငံ အလယ်ပိုင်းက နေအိမ်တလုံးကို ဒရုန်းတစီးက တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
မောင်းသူမဲ့လေယာဉ်ဟာ ယက်ဗ်နာမြို့က ၁၅ လွှာ အမြင့်မှာရှိတဲ့ လသာဆောင်ကို ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေး စစ်တပ်က လူမှုကွန်ရက်စာမျက်နှာ X မှာ ရေးပါတယ်။
ဗီဒီယိုထဲမှာ အဆောက်အအုံကနေ မီးခိုးငွေ့တွေ ထွက်နေပြီး အခင်းဖြစ်ပွားရာနေရာမှာ အစ္စရေး အရေးပေါ်ဌာနက စစ်ဆေးဆောင်ရွက်ခဲ့တာကို ပြထားပါတယ်။ မောင်းသူမဲ့လေယာဉ်ကို ယီမင်ကနေ လွှတ်တင်နိုင်ဖွယ် ရှိတယ်လို့ အစ္စရေးစစ်တပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source: Reuters