ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ဈေးပိုင်းရပ်ကွက်နဲ့ ပဲခူးတန်းရပ်ကွက်ရှိ မြို့မရဲစခန်း အပါအဝင် ရုံးနေရာ ၄ ခုကို ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အုတ်တွင်းမြို့မရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးနဲ့ မြို့နယ် NLD ရုံးအနီး ပြီးခဲ့တဲ့ဒီဇင်ဘာ ၆ ရက် ည ၈ နာရီခန့်ကနေ ၈ နာရီခွဲအတွင်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာလို့ မြို့ခံတဦးက ပြောပါတယ်။
“ဗုံးသီးက ရဲစခန်းကို အရင်ကျပြီးမှ စီးပွားရေးဘဏ်နားကို ကျတာ။ တလုံးပြီးမှ တလုံးကျတာ။ အချိန်တော့ ခြားတယ်။ အဲဒီနားတဝိုက်မှာက ရုံးတွေချည်းပဲ။ ရဲစခန်းဝင်းထဲကျတဲ့ အချိန်မှာ ကင်းစောင့်နေတဲ့ ရဲတဦး ညာဘက်ခြမ်းလက်နဲ့ ခြေထောက်တွေမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ဘန်ကာလည်း အနည်းငယ် ပျက်စီးသွားတယ်။”
မြန်မာ့စီးပွားရေးဘဏ်အနီး လူနေအိမ်တခုက ထင်းပုံပေါ်၊ ထွေအုပ်ရုံးဝင်းထဲက ထန်းပင်ပေါ်နဲ့ NLD ရုံးအနောက်ဘက် ရထားလမ်းအနီး ဒရုန်းဗုံးကျချိန်မှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ဒရုန်းဗုံးသီးချ တိုက်ခိုက်ခံခဲ့ရတဲ့ အုတ်တွင်းမြို့ NLD ရုံးဝင်းထဲမှာတော့ အရင်က စစ်ကောင်စီတပ်သားတွေ တပ်စွဲခဲ့ပေမယ့် ထွက်ခွာသွားတာ ၃ လနီးပါးခန့်ရှိပြီဖြစ်ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ Delta One Drone Force နဲ့ အုတ်တွင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ 5 kg ဗုံးသီး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၅ ရက် ညပိုင်းကလည်း အုတ်တွင်းမြို့ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို 5 kg ဒရုန်းဗုံးသီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း Delta One Drone Force မှတ်တမ်းတွေအရ သိရပါတယ်။