မြန်မာတို့၏ ၄ နှစ်နီးပါး ရှိလာပြီဖြစ်သော တော်လှန်ရေးအတွက် အကြီးအကျယ် စိတ်အားတက်ဖွယ် ဖြစ်လာရသည်။ ဆီရီးယားတွင် ရုရှားတို့ ကိုယ်တိုင်ကိုယ်ကျ ဝင်တိုက်ခဲ့ပါလျက်နှင့် အာဏာရှင် အာဆတ်သည် မော်စကိုသို့ ထွက်ပြေးခဲ့ရသည်အထိ တိုတောင်းသော အချိန်အတောအတွင်း တော်လှန်ရေးတပ်များ၏ အောင်မြင်မှုရခဲ့သည့် ဖြစ်ရပ်ကြီးကို အထင်အရှား တွေ့မြင်ခဲ့ရမှုကြီးပင် ဖြစ်ပေတော့သည်။
လက်ရှိတွင် အာဏာယစ်မူးနေသော အမျိုးသားသစ္စာဖောက်များက ပြည်ပတပ်များကို နိုင်ငံတွင်း ဖိတ်ခေါ်ရန် စိုင်းပြင်းနေကြချိန်လည်း ဖြစ်၍ တော်လှန်ရေးအင်အားစုများအဖို့ အထိုက်အလျောက် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ဆီရီးယားဖြစ်စဉ်ကို ကြည့်ပြီး ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်အဖြစ်က ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
ယင်းနှင့်အတူ တရုတ်တပ်များ ရောက်လာလျှင် ၎င်းတို့ အာဏာခိုင်မြဲသွားပြီဟု ယူဆနေသော စစ်အာဏာရှင်များနှင့် အပေါင်းအပါများအဖို့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရသည်။ လက်ရှိ ဆီရီးယားတွင် အာဏာရှင်မင်းဆက် နေ့ချင်းညချင်း ပြုတ်ကျသွားသည့်အဖြစ်ကို ၎င်းတို့ မီဒီယာများက တစွန်းတစမျှပင် ဖော်ပြခဲ့ကြခြင်း မရှိသည့်အဖြစ်က သက်သေခံနေပေသည်။
ဆီရီးယားသည် မြန်မာ၏ လက်ရှိအနေအထားနှင့် အတော်လေး နီးစပ်မှုရှိသည်ဟု ဆိုရမည် ဖြစ်သည်။
ဆီရီးယား၏ အရှေ့မြောက်ဒေသအား အမေရိကန်တို့ ပံ့ပိုးထားသည့် ကာ့ဒ်လက်နက်ကိုင်များ ပါဝင်သည့် ဆီရီးယားဒီမိုကရက်တစ်တပ် (SDF) က ထိန်းချုပ်ထားပြီး အနောက်မြောက်ခြမ်းရှိ တစိတ်တပိုင်းကို တူရကီနှင့် မဟာမိတ်ပြုထားသည့် အဖွဲ့များ၏ လက်တွင် ရောက်ရှိနေသည်။ အာဆတ်သည် နိုင်ငံ၏ ကျန်အစိတ်အပိုင်းများကိုသာ ရုရှား၊ အီရန်တို့ အကူအညီနှင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။
ယခင် အယ်ကိုင်ဒါ လက်ခွဲ ဟာရတ် တာဟီယာ အယ်ရှန် Hayat Tahrir al-Sham (HTS) အဖွဲ့က စတင် ထိုးစစ်ဆင်လာပြီး ဒုတိယမြို့တော် အယ်လက်ပိုအား ၄ ရက်နှင့် သိမ်းယူနိုင်ခဲ့ကြသည်။ ထို့နောက်တွင်တော့ နိုင်ငံ၏ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်ရှိ တော်လှန်ရေးတပ်များသည် မြိုတော် ဒမပ်စကပ်ဆီသို့ စည်းကမ်း သေဝပ်စွာဖြင့် ဦးတည်ချီတက်လာကြသည်။
လမ်းတလျောက် ၎င်းတို့ တွေ့လာခဲ့ရသည်က အာဆတ် သစ္စာခံတပ်များ စွန့်ပစ်ထားခဲ့သည့် စစ်ယူနီဖောင်းများပင် ဖြစ်သည်။ အားလုံးက အာဏာရှင်အား အသက်ပေး၍ ခုခံနေ၍ အကျိုးမထူး ဆိုကာ အရပ်ဝတ်များလဲပြီး ထွက်ပြေးကုန်ကြ၍ ဖြစ်သည်။
တနိုင်ငံလုံးလည်း ဝမ်းပမ်းတသာ ကခုန်မြူးထူး ကြိုဆိုခဲ့ကြသည်။ ရုရှားတပ်များက စတိသဘောဖြင့် လေကြောင်းမှ တိုက်ခိုက်ပေးခဲ့ကြပြီး ရုရှားနိုင်ငံသားများအား ဆီရီးယားမှ အမြန်ထွက်ခွာရန်ပင် ညွှန်ကြားလာခဲ့သည်။ ရုရှားသည် ၎င်းတို့၏ ရေတပ်စခန်းအား ဆက်၍ထားနိုင်ဖို့သာ စိတ်ဝင်စား နေသည်။ ယင်းနှင့်အတူ အမေရိကန် တပ်သား ၉၀၀ ခန့်လည်း လက်ကျန် အိုင်စစ်များကို တိုက်ခိုက်ရန် ဆိုကာ ရှိနေကြသည်။ နောက်ထပ် မဟာမိတ်တဦး ဖြစ်သော အီရန်သည်လည်း ဒရုန်းနှင့် ဒုံးကျည်များ ပို့ပေးမည်ဟု ပြောသော်လည်း ဝိုင်းပိတ်ခံထားရသည့် မြို့တော်အား မည်သို့ ကာကွယ်ပေးနိုင်မည်နည်း။
အာဆတ်သည် ၎င်းတို့ကို အားကိုးမရသည့်အတူတူ ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန် တို့ပါမကျန် အကူအညီတောင်းခံခဲ့သည်။ ကူညီ၍လည်း အကျိုးထူးလာဖွယ် မရှိတော့သည့် အစိုးရမျိုးကို မည်သူက ကူညီချင်ကြပေမည်နည်း။
တော်လှန်ရေးတပ်ပေါင်းစုက ရဲ နှင့် အရပ်ဘက် ဝန်ထမ်းများအား ညီညွတ်ရေးအစိုးရ ဖွဲ့ပြီးသည်အထိ အခြေအနေ စောင့်ကြည့်ကြပါရန် ပန်ကြားနေသည်။
လက်ရှိတွင် တရုတ်သည် ၎င်းတို့၏ အဓိကပြိုင်ဘက် အမေရိကန်တွင် အစိုးရအပြောင်းအလဲနှင့် အကူးအပြောင်းကာလကို အခွင့်ကောင်းယူပြီး မြန်မာတွင် အခိုင်အမာ ခြေကုပ်ယူနိုင်ရန် စိတ်စောနေသည့် အချိန်လည်း ဖြစ်သည်။
သို့သော်လည်း ထိုသို့ ပြည်ပကျူးကျော်မှု ရောယှက်လာသည့် အခါတွင်တော့ တော်လှန်ရေး အင်အားစုများ ယခင်ကထက်ပင် ပို၍ညီညွတ်လာကြတော့မည် ဖြစ်သည်။ MNDAA နှင့် TNLA တို့သည်လည်း ၎င်းတို့အား ရန်သူလို တမျိုး၊ လက်အောက်ခံလို တမျိုး ဆက်ဆံခံခဲ့ရသည့် အဖြစ်ကိုလည်း မျက်ဝါးထင်ထင် ကြုံတွေ့လာခဲ့ကြသည်။
ယခုအခါ အာရက္ခတပ်တော်သည် မောင်တောကို သိမ်းပိုက်နိုင်ခဲ့မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားကို အလုံးစုံ ထိန်းချုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ချင်းတော်လှန်ရေးတပ်များသည်လည်း ထန်တလန်နှင့် ဟားခါး ကြား မဟာဗျူဟာကျသည့် မြေပြန့်လွင်ပြင်ကြီးကို စိုးမိုးထားပြီ ဖြစ်သည်။
ကချင်တော်လှန်ရေးသည်လည်း မကြုံစဖူး အောင်မြင်မှုများ ရရှိလာနေပြီး တရုတ်နယ်ခြား တလျှောက် စိုးမိုးလာနိုင်ခဲ့သည်။
တိုင်းရင်းသားများသည်လည်း ကိုးကန့်နှင့် တအာင်း တိုင်းရင်းသားများကို ကြည့်၍ နေပြည်တော်တွင် စစ်အာဏာရှင်များ သက်ဆိုးရှည်နေသရွေ့ ၎င်းတို့ မျှော်မှန်းသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ နယ်မြေ ဖွံ့ဖြိုးရေးတို့ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ကြမည် မဟုတ်၊ ၎င်းတို့ကို ညီညွတ်စွာ ဖယ်ရှားနိုင်ရေးသည် လက်တကမ်းသာ လိုတော့သည် ဆိုသည်ကိုလည်း သဘောပေါက်နေကြပြီ ဖြစ်သည်။
ပြည်ပရှိ မြန်မာနိုင်ငံသားတွေကလည်း တရုတ်တို့ ကျူးကျော်လာမည့် အရေးကို ၎င်းတို့ နိုင်ငံများရှိ တရုတ်သံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်လျက် ရှိနေသည်။
ရုရှားသည် အာဆတ်အား ဆယ်နှစ်နီးပါး ထောက်ခံမှု ပေးခဲ့သော်လည်း ဆီရီးယား တော်လှန်ရေး တပ်များ ဘက်ပေါင်းစုံမှ ညီညွတ်စွာ ထိုးစစ်ဆင်နွှဲလာသည်ကို မည်သို့မျှ တုံ့ပြန်ရန် စိတ်မကူးကြတော့။ တရုတ်သည်လည်း လူထုထောက်ခံမှုမရှိ ပြိုလဲလုဆဲဆဲ အာဏာရှင်များအား လူအား ငွေအားဖြင့် ပံ့ပိုးပေးလာခြင်းဖြင့် မြန်မာပြည်သူတရပ်လုံး၏ ရန်သူဘဝ ရောက်သွားတော့မည့် အရေး၊ ထိုသို့ မည်မျှကြာကြာ လုပ်နိုင်မည်ဆိုသည်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ဆီရီးယားလို ညီညွတ်စွာ ခုခံလာပါက ၎င်းတို့ နိုင်ငံသားများ အလဟဿ အသက်ဆုံးကြရမည့် အရေးများကို ချင့်ချိန်စဉ်းစားရမည့်အချိန် ရောက်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်မှု မုချ အောင်ရမည်!!!