Home
သတင်းဓာတ်ပုံ
ဆီးရီးယားအာဏာရှင် အာဆတ် ပြုတ်ကျသွားပြီးနောက် ပြည်သူများအောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
December 9, 2024
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters
Photo: Reuters

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချလိုက်ပြီလို့ သူပုန်တွေက ကြေညာပြီးတဲ့နောက်  မြို့တော် ဒမတ်စကတ်အပါအဝင် အဓိကမြို့ကြီးတွေမှာ ပြည်သူတွေ စုရုံးပြီး လမ်းပေါ်ထွက် အောင်ပွဲခံ ပျော်ပွဲဆင်နွှဲခဲ့ကြပါတယ်။

ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချလိုက်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဒီဇင်ဘာ ၈ ရက်မှာ တရားဝင် ကြေညာလိုက်ပြီး နှစ်ပေါင်း ၅၀ ကြာ အာဏာရှင် အာဆတ်မိသားစု အုပ်ချုပ်မှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက်က မြို့တော် ဒမတ်စကတ်မှာ လူထောင်ပေါင်းများစွာဟာ စုဝေးနေကြပြီး လွတ်လပ်ရေး ကြွေးကြော်သံတွေ အော်ဟစ်နေကြပါတယ်။

အလားတူ နိုင်ငံအရှေ့မြောက်ပိုင်း ကာမစ်ရှလီမြို့ရဲ့ လမ်းမတွေပေါ်မှာလည်း ပြည်သူတွေစုရုံးပြီး အောင်ပွဲခံ ပျော်ပွဲဆင်နွှဲခဲ့ကြပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက အထိမ်းအမှတ်ပွဲတွေကျင်းပတဲ့ ဒီရင်ပြင်မှာ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားကာ့ဒ်တပ်ဖွဲ့တွေရဲ့ အလံတွေကို ဝှေ့ယမ်းရင်း လူအုပ်ကြီးက အော်ဟစ် ကြွေးကြော်နေကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဟွမ်းစ်မြို့မှာလည်း ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး အောင်ပွဲခံနေကြပါတယ်။

ဒီအခိုက်အတန့်ဟာ သမိုင်းဝင်ဖြစ်ပြီး အရင်ကတည်းက ဖြစ်သင့်တဲ့အရာပဲလို့ ဒေသခံ ရာရှိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်အပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီလို့ သူပုန်တွေက တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာပါ။

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က ဆီးရီးယားသံရုံးရှေ့မှာလည်း လူပေါင်း ၁၅၀ လောက်ဟာ လွတ်လပ်ရေးတိုက်ပွဲအတွက် သမိုင်းဝင် အခိုက်အတန့် သတ်မှတ်ချက်ကို ဂုဏ်ပြုအောင်ပွဲခံဖို့ ဒီဇင်ဘာ ၈ ရက်က စုဝေးခဲ့ကြပါတယ်။

လူအုပ်ကြီးက လွတ်လပ်ရေးလို့ ကြွေးကြော်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးထားတဲ့ အမျိုးသားတယောက်က ဆီးရီးယားအစိုးရအလံကို မြေပြင်ပေါ်ပစ်ချပြီး ဆီးရီးယား သူပုန်လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ အနက်ရောင်၊ အစိမ်းနဲ့ အဖြူ အောက်ခံမှာ ကြယ်သုံးပွင့်ပါတဲ့ အလံကို လွှင့်တင်ခဲ့ပါတယ်။

ဒီမြင်ကွင်းဟာ အာဆတ်အစိုးရကို ဆန့်ကျင်တဲ့ ဆီးရီးယားလွတ်မြောက်ရေး ဆက်လက် တိုက်ပွဲဝင်မှုမှာ အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်။

“၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ဟာ ဆီးရီးယားပြည်သူ အားလုံးအတွက် အမှတ်ရစရာ နေ့တနေ့ပါ။ ကျနော်တို့ ဆီးရီးယားပြည်သူအားလုံးအတွက် လွတ်လပ်တဲ့နိုင်ငံတခု ဖန်တီးသွားမှာပါ” လို့ အခမ်းအနားတက်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် သွားဆရာဝန် ဘီလဲ ခူထိုင်နီက ပြောပါတယ်။

တချို့က ဆီးရီးယားသမ္မတဟောင်း အာဆတ် အစိုးရရဲ့ အလံကို နင်းပြီး တချို့က ဆီးရီးယား လွတ်မြောက်ရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေကို တညီတညွတ်တည်း ကြွေးကြော်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာလည်း ဆီးရီးယားသူပုန်အလံကို ချိတ်ဆွဲထားတာကို ဒီဇင်ဘာ ၈ ရက်က မြင်တွေ့ခဲ့ရပါတယ်။ 

အာဏာရှင် ဆီးရီးယားသမ္မတ အာဆတ်နဲ့ သူ့မိသားစုဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိလာပြီး ရုရှားအာဏာပိုင်တွေက လူသားချင်းစာနာမှုအရ ခိုလှုံခွင့်ပေးထားတယ်လို့ ရုရှားသမ္မတနန်းတော် သတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြပါတယ်။

ဒီအပြောင်းအလဲဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားတဲ့ ပြောင်းလဲမှုတခု ဖြစ်ပါတယ်။ ရုရှားနဲ့ အီရန်တို့ရဲ့ အဓိကမဟာမိတ်နိုင်ငံတခု ဆုံးရှုံးသွားတာဖြစ်ပြီး ဂါဇာစစ်ပွဲ ဖြစ်နေချိန်မှာ ဒေသတွင်း မရေရာမှုတွေ ပိုမိုများပြားလာနိုင်ပါတယ်။

ဝန်ကြီးချုပ် မိုဟာမက်ဂါဇီအယ်လ်ဂျလာလီက ဆီးရီးယားပြည်သူတွေ သူတို့လိုချင်တဲ့သူကို ရွေးချယ်နိုင်ဖို့ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပသင့်တယ်လို့ ပြောပါတယ်။

သူဟာ တော်လှန်ရေးခေါင်းဆောင် အဘူမိုဟာမက်အယ်လ်ဂိုလာနီနဲ့ အသွင်ကူးပြောင်းရေးကာလ စီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်အစိုးရဟာ ဆီးရီးယားက မမျှော်လင့်တဲ့အဖြစ်အပျက်တွေကို စောင့်ကြည့်နေပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆွေးနွေးနေကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

အစ္စလာမ္မစ်သူပုန်တွေရဲ့ အောင်ပွဲဟာ အာဆတ်ရဲ့ မဟာမိတ် ရုရှားနဲ့ အီရန်တို့ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို ကြီးကြီးမားမား ထိုးနှက်ချက်တရပ်လည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်က ရုရှားအစိုးရဟာ ဆီးရီးယားသူပုန် ဟာယတ် တာရီယာအယ်လ် ရှမ်းကို တတ်နိုင်သမျှ အစွမ်းကုန် ဆန့်ကျင်သွားမယ်လို့ ဒီဇင်ဘာ ၇ ရက်က ကာတာနိုင်ငံက ဖိုရမ်တခုမှာ ပြောခဲ့တာပါ။

စစ်သွေးကြွတွေရဲ့ ထိုးစစ်ဆင်မှုက အချိန်အတော်ကြာ ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပြီး ဆီးရီးယားမြေပြင်မှာ အင်အားကို အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းမှုကို ကိုယ်စားပြုတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ဆန့်ကျင်ပြီး ဆီးရီးယား တရားဝင်အာဏာပိုင်တွေကို ထောက်ခံမယ်၊ တချိန်တည်းမှာပဲ အတိုက်အခံတွေနဲ့ ဆွေးနွေးပွဲပြန်စဖို့ လိုအပ်ချက်ကို တက်တက်ကြွကြွ မြှင့်တင်သွားမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို မရှုံးနိမ့်ခင်က အီရတ်နဲ့ ဆီးရီးယား နယ်မြေအများအပြားကို အကြမ်းဖက်အုပ်စိုးခဲ့တဲ့ အစွန်းရောက်အဖွဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ အခုတော့ ဆီးရီးယားအရှေ့ပိုင်းက ဒေသတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ရဲ့ အကြီးအကဲ မက်ဇ်လွန်မ်အဘ်ဒီက ဒီဇင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။

ဆီးရီးယား သဲကန္တာရ၊ ဒီယာအယ်လ်ဇောမြို့နဲ့ အယ်လ်ရို့ကာမြို့တွေရဲ့ ကျေးလက်ဒေသတွေမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေ တိုးလာနေပြီး အစ္စရေးနဲ့ ဒေသတွင်း နိုင်ငံတွေက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013