အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ဟာ မော်စကိုမှာ သူ့မိသားစုနဲ့အတူ ရောက်ရှိနေပြီး၊ လူသားချင်းစာနာမှုအရ ရုရှားက ခိုလှုံခွင့်ပေးခဲ့တယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒါ့အပြင် ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်စခန်းတွေ ဘေးကင်းရေးသဘောတူညီမှုရပြီလို့လည်း ဖော်ပြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆတ်ဟာ ဆီးရီးယားနိုင်ငံကနေ ထွက်ခွာသွားပြီး၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားခဲ့တယ်လို့ ပြောပါတယ်။
ဆီးရီးယားအတိုက်အခံခေါင်းဆောင်တွေက ရုရှားရဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ သံတမန်ဌာနတွေရဲ့ လုံခြုံရေးကို အာမခံပေးမယ်လို့ သဘောတူထားကြောင်း ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ တချို့ရုရှားစစ်ရေးလေ့လာသုံးသပ်သူတွေကတော့ အဲဒီအခြေစိုက်စခန်းတွေမှာ တင်းမာမှုတွေ မြင့်တက်နေတယ်လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်ကတည်းက အာဆတ်အစိုးရကို စစ်ရေးအရ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆီးရီးယားက သူ့ရဲ့စစ်အခြေစိုက်စခန်း ၂ ခုဖြစ်တဲ့ လာတာကီးယားပြည်နယ်က လေတပ်စခန်းနဲ့ တာတူးစ်က ရေတပ်စခန်းတို့ရဲ့ လုံခြုံရေးကို ဖြေရှင်းဖို့ အရေးတကြီး လုပ်ဆောင်နေရပါတယ်။
ဗီယင်နာမြို့က နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားသံအမတ်ကြီး မိုက်ကယ်ယူလီယာနော့ဗ်က 'ဘာရှားအယ်လ်အာဆတ်နဲ့ သူ့မိသားစု မော်စကိုမှာ ရောက်နေပါပြီ။
ရုရှားဟာ အခက်အခဲကြုံတဲ့အချိန်မှာ မိတ်ဆွေတွေကို သစ္စာမဖောက်ဘူးလို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆီးရီးယားမှာဖြစ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မိကြောင်း ထုတ်ပြန်ထားပြီး ဆီးရီးယားအတိုက်အခံအုပ်စုအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အကြမ်းဖက်မှုတွေရှောင်ကြဉ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။
Source : Reuters