ဆီးရီးယားသူပုန်တပ်မှူး ဟက်ဆန် အဗ္ဗဒူလ် ဂါနီ က ဆီးရီးယားစစ်တပ်မှ ထိပ်တန်းအရာရှိတွေကို ဘက်ပြောင်းလာကြဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၆ ရက်မှာ တယ်လီဂရမ်ကနေ ထုတ်ပြန်လိုက်ပါတယ်။
“ဒီပလက်ဖောင်းကနေ အာဏာရှင်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ရာဇ၀တ်အစိုးရရဲ့ ပြည်သူ့စစ် အကြွင်းအကျန်တွေ အားလုံးကို တောင်းဆိုချင်တာကတော့ အလက်ပိုနဲ့ ဟားမားတို့မှ ကိုယ့်ရှေ့က အရာရှိတွေနဲ့ ပြည်သူ့စစ်တွေရဲ့ ကံကြမ္မာကို နားထောင်ထားကြဖို့ ပြောချင်ပြီး၊ ပြည်သူ တရပ်လုံးရဲ့ကံကြမ္မာကို အုပ်ချုပ်သူမိသားစုရဲ့ကံကြမ္မာနဲ့ ချိတ်ဆက်နေတဲ့ ဒီဂိုဏ်း ဒီစစ်တပ်ကနေ ဘက်ပြောင်းလာခဲ့ဖို့၊ မဟုတ်ရင် ကိုယ့်ကံကြမ္မာကို စောင့်သာနေလိုက်တော့”လို့ တပ်မှူး ဂါနီ က ဗီဒီယိုထုတ်ပြန်ချက် တင်ထားတာ ဖြစ်ပါတယ်။
သောကြာနေ့မှာ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေဟာ အလယ်ပိုင်း ဟွမ်းစ်မြို့ကို ချီတက်လာပြီး ကာ့ဒ် တိုက်ခိုက်ရေးသမားတွေက အရှေ့ဘက် သဲကန္တာရကို ထိထိရောက်ရောက် သိမ်းပိုက်နိုင်ခဲ့တာ ကြောင့် သမ္မတ ဘာရှား အလ်-အာဆဒ်ရဲ့ အာဏာ ချုပ်ကိုင်မှုကို တုန်လှုပ်ချောက်ချားစေပြီး တောင်ပိုင်းမှာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပြည်တွင်းပုန်ကန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အာဆဒ်အတွက် ပြိုင်တူဆုတ်ယုတ်မှုမှာ ဆီးရီးယား ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ ဦးဆောင်တဲ့ အမေရိကန် ကျောထောက်နောက်ခံပြု မဟာမိတ်အဖွဲ့ဟာ နိုင်ငံအရှေ့ဘက်ရှိ ကျယ်ပြန့်တဲ့ သဲကန္တာရမှာ အစိုးရရဲ့ အဓိက ခြေကုပ်စခန်းဖြစ်တဲ့ ဒေးရ် အလ်ဇော ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆီးရီးယားသတင်းရင်းမြစ် ၃ ခုက ရိုက်တာကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အနောက်မြောက်ပိုင်းမှ အလက်ပိုနဲ့ အလယ်ပိုင်းရှိ ဟားမားတို့ပြီးရင် ဟွမ်းစ်မြို့ဟာ အာဆတ်ရဲ့ ထိန်းချုပ်ထားမှုအောက်ကနေ တပတ်အတွင်း ပြုတ်ကျခဲ့တဲ့ တတိယမြောက် အဓိကမြို့ကြီး ဖြစ်လာခဲ့ပါတယ်။
Source-Reuters