အမေရိကန်စစ်တပ်ဟာ ဆီးရီးယားအရှေ့ပိုင်းရှိ လက်နက်စနစ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ သူပုန်တပ်ဖွဲ့ စစ်ချီတက်မှုတွေနဲ့ မသက်ဆိုင်ကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ဟာ ယူဖရေးတီးစ်ရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဆိုက် (MSS) ရှိ အမေရိကန်တပ်ဖွဲ့တွေဆီ ဒုံးကျည်တွေ ပစ်လွှတ်ခံခဲ့ရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ပြတ်ပြတ်သားသား ခြိမ်းခြောက်လာနေတဲ့ မိုဘိုင်းလ် ဒုံးပစ်လောင်ချာ ၃ စင်း၊ T-64 တင့်ကားတွေနဲ့ စိန်ပြောင်းတွေ အပါအဝင် လက်နက်စနစ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပတ်ရိုက်ဒါက သတင်းထောက်တွေကို အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီလက်နက်တွေကို ဘယ်သူက လုပ်ဆောင်နေတယ်ဆိုတာကို အကဲဖြတ်နေပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု ဘယ်သူက စတင်လုပ်ဆောင်ခဲ့တယ် ဆိုတာကို စစ်တပ်က ရှာဖွေနေဆဲလို့ဆိုပါတယ်။
MSS ယူဖရေးတီးစ်ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အဲဒီဒေသမှာ အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့တွေ ရှိနေပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ ဆီးရီးယား စစ်တပ်တွေလည်း ရှိပါတယ်လို့ ပင်တဂွန် ဗိုလ်ချုပ် ရိုက်ဒါက ပြောပါတယ်။
ဆီးရီးယားမှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ လောက်ရှိပြီး ဒေသတွင်းရှိ IS စစ်သွေးကြွတွေကို တန်ပြန်ဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။
Source : Reuters