အာဏာရှင်သမ္မတ ဘာရှားအယ်လ်အာဆတ် ဖြုတ်ချခံရပြီးနောက်မှာ ဇာတိနိုင်ငံကို ပြန်ကြမယ့် ဆီးရီးယားပြည်သူတွေ ဒီဇင်ဘာ ၁၁ ရက်က တူရကီနယ်စပ်မှာ တန်းစီနေကြပြီး တူရကီမှာ ဆယ်စုနှစ်ချီ ပင်ပန်းခက်ခဲခဲ့ရပြီးနောက်မှာ ပိုကောင်းမွန်တဲ့ဘဝ ရရှိရေးကို မျှော်လင့်နေကြကြောင်း ပြောဆိုခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ်က အာဆတ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကနေ ကြီးထွားလာတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးပြီး သန်းနဲ့ချီတဲ့ နိုင်ငံသားတွေကို နိုင်ငံခြားကို မောင်းထုတ်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံသား ၃ သန်းကို လက်ခံထားတဲ့ တူရကီဟာ နိုဝင်ဘာလကုန်က သူပုန်တွေသိမ်းပိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အနီးရှိ ကျီဗေဂိုးဇူနယ်စပ်ဂိတ် ဖွင့်ချိန်ကို အချိန်တိုးပေးထားပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းကို ဝင်ရောက်ဖို့အတွက် ဒါဇင်နဲ့ချီတဲ့ ဆီးရီးယားနိုင်ငံသားတွေဟာ တူရကီတောင်ပိုင်းရှိ ကျီဗေဂိုးဇူ နယ်စပ်ဂိတ်မှာ ဖြတ်ကျော်ဖို့ စောင့်နေကြပါတယ်။
ကုန်တင်ကား အစီးရေ ၁၀၀ လောက်ဟာ နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေပြီး ဒါဇင်နဲ့ချီတဲ့ ကားဟောင်းတွေ အပါအဝင် ကုန်ပစ္စည်းတွေကို တင်ဆောင်နေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူတွေစီးဆင်းမှုကို စီမံခန့်ခွဲရာမှာ ကူညီဆောင်ရွက်ပေးခဲ့ပြီး အကူအညီပေးရေး အဖွဲ့တွေက အစားအသောက်တွေ ကျွေးမွေးခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၀ ရက် အင်္ဂါနေ့မှာ ဟာ့တိုင်းမြို့အနီးရှိ ယိုင်လာဒါဂီ မြူနီစီပယ် နယ်မြေမှာ ဒုတိယနယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က အတိုက်အခံတွေ ပုန်ကန်မှုတွေ မစခင် အခုနှစ်အတွင်း ဆီးရီးယားနိုင်ငံရှိ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဆီ တစ်ရက်လျှင် ဆီးရီးယားနိုင်ငံသား ၃၅၀ မှ ၄၀၀ ဝန်းကျင်လောက် ဖြတ်ကျော် သွားရောက်နေခဲ့တာပါ။
အဲဒီအချိန်ကတည်းကနေ အာဆတ်ပြုတ်ကျသွားတဲ့အထိ ကိန်းဂဏန်း အရေအတွက်က ၂ ဆနီးပါး တိုးလာနေခဲ့ကြောင်း အန်ကာရာက ပြောပါတယ်။
တူရကီဟာ ဆီးရီးယား အတိုက်အခံတပ်ဖွဲ့တွေကို နှစ်ပေါင်းများစွာ ကျောထောက်နောက်ခံ ပေးထားပေမယ့် ၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီးမှာ အာဆတ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ သီတင်းပတ်ကုန်က အောင်မြင်ခဲ့တဲ့ သူပုန်ထိုးစစ်မှာတော့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောပါတယ်။
ဆီးရီးယား ယာယီဝန်ကြီးချုပ်သစ်က သူဟာ သန်းပေါင်းများစွာသော ဆီးရီးယားဒုက္ခသည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့၊ နိုင်ငံသားအားလုံးကို ကာကွယ်ဖို့နဲ့ အခြေခံဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံနေရတာကြာပြီဖြစ်တဲ့ တိုင်းပြည်ဟာ နိုင်ငံခြားငွေ ချို့တဲ့တာကြောင့် ခက်ခဲမယ်လို့ အသိအမှတ်ပြုထားပါတယ်လို့ ပြောထားပါတယ်။
Source: Reuters