Home
နိုင်ငံတကာ
ဆီးရီးယားတွင် ခရစ္စမတ်သစ်ပင် မီးရှို့ခံရပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွား
DVB
·
December 25, 2024
Photo : Reuters

ဆီးရီးယားနိုင်ငံမှာ ခရစ္စမတ်သစ်ပင်တခု မီးရှို့ခံရပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့သလို လူနည်းစုတွေအပေါ်  အကာအကွယ်ပေးဖို့အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

ဆီးရီးယားအလယ်ပိုင်းက ခရစ်ယာန်အများစုနေထိုင်ရာ ဆူကေးလာ ဘီယာ မြို့ငယ်လေးရဲ့ အဓိကရင်ပြင်မှာ အလှဆင်ထားတဲ့ သစ်ပင်ကို မီးရှို့ခဲ့ကြတာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟာရတ် တရီရာ အယ်လ်-ရှမ် (HTS) အစ္စလာမ္မစ်အဖွဲ့က နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေကို ဖမ်းဆီးရမိထားတယ်လို့ အတည်ပြုပါတယ်။

အာဏာရ HTS အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကလည်း ဆီးရီးယားမှာရှိနေတဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။

HTS ဘာသာရေးခေါင်းဆောင်တယောက်ကတော့ မနက်မလင်းခင် ခရစ္စမတ်သစ်ပင် ပြန်ပြင်ပေးမယ်ဆိုပြီး ဆန္ဒပြလူအုပ်ကြီးကို ဖျောင်းဖျခဲ့ပါတယ်။

HTS ဟာ ရှရီယာဥပဒေနဲ့ အုပ်ချုပ်မယ့် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ဖို့အတွက် ဂျီဟတ်ဝါဒီအဖွဲ့တခုအဖြစ် စတင်ခဲ့တာပါ။

ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ HTS က ပိုမိုလက်တွေ့ကျပြီး အလျှော့အတင်းလုပ်နိုင်တဲ့ ချဉ်းကပ်နည်းကို ပြောင်းလဲကျင့်သုံးလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကတင် ဆီးရီးယားသမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ ဖြုတ်ချနိုင်ခဲ့တာကြောင့် အာဆတ် မိသားစုရဲ့ နှစ် ၅၀ ကျော် အုပ်ချုပ်မှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒီနောက် ဆီးရီးယားနိုင်ငံသား အများအပြားဟာ သူတို့နေရပ်တွေဆီကို ပြန်လာခဲ့ကြပြီး အယောက် ၂၅,၀၀၀ ကျော်အထိ ရှိတယ်လို့ တူရကီက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အာဆတ်အစိုးရအပေါ် ထောက်ခံခဲ့သူတွေ အပါအဝင် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စလာမ္မစ် အစွန်းရောက်တွေလိုမျိုး ဆီးရီးယားရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေလိုသူတွေက တော်လှန်ရေးမှာ ဦးဆောင်ခဲ့တဲ့ HTS အဖွဲ့အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013