ဆားဘီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူ ၁၅ ယောက် သေဆုံးခဲ့တဲ့ ရထားဘူတာအမိုး ပြိုကျမှုအတွက် အပြစ်တင်ခံနေရတဲ့ သမ္မတ အလက်ဇန်းဒါး ဗူတစ်ခ်နဲ့ သူ့ရဲ့ အာဏာရ ဆားဘီးယားတိုးတက်ရေးပါတီကို ဒီဇင်ဘာ ၂၂ ရက်က ဘယ်လ်ဂရိတ်မြို့လယ်မှာ လူထောင်ပေါင်းများစွာက စုဝေးဆန္ဒပြခဲ့ကြပါတယ်။
နိုဗီဆဒ် ဘူတာရုံမှာ မကြာသေးမီကမှ ပြုပြင်မွမ်းမံထားတဲ့ အမိုးရဲ့ ကွန်ကရစ်မိုးကာ နိုဝင်ဘာ ၁ ရက်က ပြိုကျခဲ့တာကြောင့် လူ ၁၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒဏ်ရာရသူတွေထဲက တယောက် သေဆုံးသွားပါတယ်။
အစိုးရရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒတို့ကြောင့် အရည်အသွေး ညံ့ဖျင်းတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မတော်တဆမှုတွေ ဖြစ်တာလို့ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ လူထုက အကြိမ်ကြိမ် အပြစ်တင်ပြီး လမ်းပေါ်ထွက်ခဲ့ကြပါတယ်။
အာဏာရညွန့်ပေါင်းအဖွဲ့က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သမ္မတက တာဝန်ရှိသူတွေကို အရေးယူသင့်တယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်းက ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လက်ကိုင်ဖုန်းမီးတွေကို ဖွင့်ပြီး သေဆုံးသူတွေကို အောက်မေ့တဲ့ အထိမ်းအမှတ်အဖြစ် ၁၅ မိနစ်လောက် ငြိမ်ငြိမ်ရပ်ခဲ့ကြပါတယ်။
ဘယ်လ်ဂရိတ်မြို့တော်မှာ လူအင်အား ၂၉,၀၀၀ အထိ စုဝေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆားဘီးယားသတင်းဌာန ထန်ဂျက်ခ်က ဖော်ပြခဲ့ပါတယ်။
Source : Reuters